မျှော်လင့်ချက်လား၊ ဒုံရင်းလား

မျှော်လင့်ချက်လား၊ ဒုံရင်းလား

ဂျာကာတာအစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကနေ စရေတွက်မယ်ဆို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက် မလေးရှားနိုင်ငံ လန်ကာဝီမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေးဆွေးနွေးမှုရက်ပေါင်း ၁၄၀၀ နီးပါး၊ တွေ့ဆုံမှုပေါင်း ဒါဇင်ကျော်နဲ့ အလှည့်ကျ ဥက္ကဌ ပြောင်းလဲမှု လေးကြိမ်ထိ ရှိခဲ့ပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီမှာ အတည်ပြုခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်ကို ပြန်‌ကောက်နုတ်ရရင်  အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာဖို့၊ တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံအထူးသံတမန်က ကြားဝင်ညှိုနှိုင်းပေးဖို့၊ အာဆီယံက လူ သားချင်းစာနာထောက်ထားမှုတွေ ကူညီပေးဖို့၊ အာဆီယံအထူးသံတမန်က မြန်မာပြည်လာပြီး သက်ဆိုင်သူအား လုံးနဲ့ တွေ့ဆုံဖို့ စတာတွေဆိုပေမဲ့ စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းလေးနှစ်နီးပါးကာလမှာ ဘုံငါးရပ်ပေးထားချက်က အကောင်အထည်ပေါ်ခဲ့တာ ရှိမနေခဲ့ပါဘူး။  

ဒါ့အပြင် အထူးသံတမန်လေးဦးပြောင်းလဲခဲ့ပြီး မြန်မာ့အရေးအာဆီယံချဉ်းကပ်မှု ပုံစံအသစ်အဖြစ် အရင်ဥက္ကဌ၊ လက်ရှိဥက္ကဌ၊ လာမယ့်ဥက္ကဌ နိုင်ငံတွေ ပူးပေါင်းစီမံကိုင်တွယ်မှုနည်းနာကို အသုံးပြုခဲ့ပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲကို ပုံဖော်ဖန်တီးနိုင်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။

မြန်မာအရေးနဲ့ပတ်သက်လို့ ခန့်အပ်ခဲ့တဲ့ အာဆီယံအထူးသံတမန်တွေရဲ့ အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း လေးဦးမှာ နှစ်ဦးသာ မြန်မာနိုင်ငံကို လာရောက်နိုင်ခဲ့ပေမဲ့ ဘုံငါးချက်မှာ ပြောဆိုထားတဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှု ဆိုတာကိုတော့  ထိရောက်အောင် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ခြွင်းချက်အဖြစ်ပြောလို့ရတာက လာအိုနိုင်ငံရဲ့ အာဆီယံအထူးသံတမန် အာလွန်ကောင်းကစ်တီကွန်း (AlounkeoKittikhoun) ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တာ မျိုးရှိခဲ့တဲ့ အချက်ပါပဲ။

ဒီမတိုင်ခင် အာဆီယံအထူးသံအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsu di) ဟာလည်း မြန်မာနိုင်ငံကို လာရောက်တာမရှိပေမဲ့ စစ်ကောင်စီနိုင်ငံခြားရေးဌာန တာဝန်ရှိသူနဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေ အပါအဝင် အဖွဲ့အစည်း ၇၀ ကျော်က ပုဂ္ဂိုလ်များစွာနဲ့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေး မှု အကြိမ်ပေါင်း ၁၅၀ ခန့် ပြုလုပ်ခဲ့တဲ့ အချက်ပါပဲ။  

ဒီလိုတွေ့ဆုံဆွေးနွေးမှု အချက်အလက်တွေအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲဂျာကာတာမှာ အထူးအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီကို လုံးဝတက်ရောက်ခွင့်မပေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတချို့နဲ့ အခြားသော နိုင်ငံရေးအင်အားစုတချို့ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်တွင်း နိုင်ငံရေးအင်အားစုတွေရဲ့ ငွေ ဆောင်သဘောတူညီချက်ဆိုတဲ့ အရာကိုလည်း အဲဒီဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပြုပြီး ဒီဇင်ဘာလထဲ ထိုင်းကဦးဆောင်ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆွေး‌နွေးပွဲတွေရဲ့  ရလဒ်တွေကို ကြည့်မယ်ဆိုရင် စိန်အိုး စည် သီချင်းထဲက စာသားတစ်ခုဖြစ်တဲ့  ‘လိမ်ဖယ်ဖယ်တီးပါမောင်ရေ’ လို ရှိနေခဲ့တာ မြင်သာနေတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အာဆီယံရဲ့ ရှိတည်နေမှုကို အပိုင်းနှစ်ခုခွဲပြီး သတ္တုချကြည့်ဖို့ လိုအပ်တာ အမှန်ပါပဲ။ အဲဒီလို သတ္ထုချ ကြည့်မယ်ဆိုရင် အာဆီယံရဲ့ ပထမတစ်ပိုင်းဟာ တရုတ်အစိုးရရဲ့ အကျိုးစီးပွားဩဇာလောင်းရိပ်အောက်မှာ ရှိနေ ကြတဲ့ အစုအဖွဲ့နဲ့ ကျန်တစ်ပိုင်းက အနောက်အဝန်းအဝိုင်းနဲ့ အာရှကျားတွေရဲ့ အားပြိုင်မှုကြား ကိုယ့်တိုင်းပြည် အ ကျိုးစီးပွားဘက်မျှအောင် ရုန်းကန်နေတဲ့ အစုအဖွဲ့ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဒါက မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ နောက်ဆက်တွဲရလဒ် ထွက်ပေါ်လာချက်တွေကို ကြည့်ရင် သိသာစေတဲ့ အချက်လည်းဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံစင်မြင့်ဆီ ရောက်မလာသေးပေမဲ့ ဒေသတွင်းနိုင်ငံတွေကြား တရုတ်ရဲ့ ပစားပေးမှုနဲ့ ပြန် လည်ဝင်ဆန့်လာတာ၊  အာဆီယံစင်မြင့်ထက် မင်းအောင်လှိုင်ကို ပယ်သတ်ထားပေမဲ့ စစ်ကောင်စီကိုယ်စားပြု ကိုယ်စားလှယ်ကို ခွင့်ပြုပေးထားရတာ၊ အခြားသော စစ်ဗိုလ်ချုပ်တွေကို အာဆီယံစားပွဲဝိုင်းမှာ ထိုင်ခွင့်ပေးနေရ တာတွေဟာ အာဆီယံရဲ့ ခေါင်းဆောင်နိုင်မှု အရည်အသွေးကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာဖို့လို့ အထပ်ထပ်ပြောနေပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကျူးလွန်ရက်စက်မှုတွေက လျော့ကျမသွားတဲ့အပြင် ပိုမိုဆိုးရွားတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ဆက်လက်ကျူးလွန်နေခဲ့တာပဲဖြစ်ပါတယ်။  
ဒီအခြေအနေမှာ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားရဲ့အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်လို့ အတိုက်အခံအင်အားစုတွေဘက်က ရပ်တည်ကူညီခဲ့တဲ့ ဒေ သတွင်းနိုင်ငံတချို့ထဲမှာ အဓိက ပါဝင်ခဲ့တဲ့ နိုင်ငံပဲဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေး အစိုးရကို အာဆီယံနဲ့ ထိတွေ့ဆက်ဆံခွင့်ရအောင် တိုက်တွန်းပံ့ပိုးခဲ့ပြီးညှိနှိုင်း ဆွေးနွေးမှုကို ဦးဆုံးလုပ်ဆောင်ခဲ့သလို စစ်ကောင်စီကို ဖိအားပေးဖို့ တက်တက်ကြွကြွပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိ ဥက္ကဌရာထူးကာလမှာလည်း အာဆီယံဆောင်ပုဒ်အဖြစ် ‘အားလုံးပါဝင်မှုနဲ့ ရေရှည်ရပ်တည်မှု’ ( Inclusi vity and Sustainability ) လို့ ကြွေးကြော်ထားခဲ့ပြီး ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲထုတ်ပြန်ချက် အချက် ၄၄ ချက်အနက် မြန်မာအရေးနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ကိုထည့်သွင်း‌ဖော်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။
အလားတူ မြန်မာအရေးအထူးပြုဆောင်ရွက်နိုင်ဖို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ၊ ကုလ သမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ သံအမတ်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဝါရင့် ဒီပလိုမက်ဟောင်းတစ်ဦးဖြစ်တဲ့ အော့သမန်ဟာရှင်(Othman Hashim) ကို အာဆီယံအထူး သံတမန်အဖြစ် ခန့် အပ်ခဲ့တာပဲဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံတွင်းရွေးကောက်ပွဲလုပ်ဆောင်ဖို့ထက် ဖြစ်ပွားနေတဲ့ စစ်မက်ရေးရာတွေ အဆုံးသတ်တည်ငြိမ်အေးချမ်းအောင် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးစတင်ဖို့  တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ‌ဆောင်းပါးရဲ့ အစမှာ ဆိုခဲ့တဲ့ အတိုင်း ဂျာကာတာကစခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ လန်ကာဝီကို ရောက်လာတဲ့အထိ အကောင်အထည်ပေါ်လာခဲ့တာ တစ်ခုမှ မရှိသေးတာ ငြင်းမရတဲ့ အမှန်တရားပါပဲ။ ပြီးတော့ ဒီနေရာမှာ မေ့ထားလို့မရတဲ့ အချက်တစ်ခုက မလေးရှားနိုင်ငံဟာ သူ့ဥက္ကဌရာထူးအလှည့်တာဝန်ကာလမှာ အဓိက ဖြေရှင်းဖို့ အကြောင်းနှစ်ရပ်ရှိနေခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒါကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း နည်းတူ ဖြေရှင်းရမယ့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုပြဿနာပါပဲ။

ဒီအချက်နှစ်ရပ်လုံးရဲ့ အဓိက ပါဝင်ပတ်သတ်နေမှုကို အသေးစိတ်ကြည့်မယ်ဆိုရင်လည်း ဘေဂျင်းအစိုးရရဲ့ လက်တံကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အဲဒီပေးထားချက် အခင်းအကျင်းမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ပတ်သက်လို့ တရုတ်အစိုးရနဲ့ တိုက်ရိုက် ပဋိပက္ခရှိနေတဲ့ မလေးရှားနိုင်ငံအတွက် ဥက္ကဌရာထူးကာလမှာတရုတ်နဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်ရေးကို တည်ဆောက်မှာလည်း အသေအချာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အတည်ပြုဖို့ဆွေးနွေးနေဆဲဖြစ်တဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ စည်းကမ်းလိုက်နာဋီကာ (the Code of Conduct in the South China Sea-COC) ပိုမိုတိုးတက်အောင်မြင်မှုခြေလှမ်းကို ရယူဖို့ အားထုတ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကတိုက်ရိုက်သက်ဆိုင်တဲ့ အကျိုးစီးပွားအဖြစ်လည်း တစ်ဖက်မှာရှိနေခဲ့တာ ဖြစ်ပါ တယ်။

တခြားတစ်ဖက်ကိုကြည့်မယ်ဆိုရင်လည်း အာဆီယံရဲ့မူနှစ်ချက်ဖြစ်တဲ့ ‘ဝင်ရောက်မစွက်ဖက်ရေးနဲ့ အများဆန္ဒ’ ဆိုတာကလည်း မေ့ထားလို့ မရဘူးဖြစ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ သူ့ရဲ့ ဥက္ကဌရားထူးတာဝန်ကာလမှာ မြန် မာ့အရေးနဲ့ပတ်သက်လို့ သူ့သဘောထားကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လာနိုင်ပေမဲ့ အများဆန္ဒမှာ အကျအရှုံးရှိနိုင်တဲ့ အခြေအနေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဥပမာအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ သဝဏ်လွှာမှာ ဆိုထားတဲ့ မြန်မာနိုင်ငံရဲ့ အစိုးရဟာ NUG သာဖြစ်ပြီး မလေးရှားနိုင်ငံအနေနဲ့ ဒီမိုကရေစီ မိတ်ဖက်အဖြစ် မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ သဘောထားနဲ့လိုက်လျောညီထွေရှိမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့ မျှော်လင့်တယ်ဆိုတဲ့ တိုက်တွန်းချက်မျိုးကို လက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဆိုတာမျိုးမှာ‘အများဆန္ဒ’က ပြဿနာရှိနေနိုင်တာမျိုး ပါပဲ။

ဒါက အာဆီယံကို သတ္တုချပိုင်းခြားထားတဲ့ ပုံစံအရ တရုတ်ရဲ့ အကျိုးစီးပွားဩဇာလောင်းရိပ်အောက် ရှိနေတဲ့ အစုအဖွဲ့ အင်အားက အလေးသာနေတဲ့ အချက်နဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားမှုမှာ ရှိနေတဲ့ တိုက်ရိုက်အကျိုးစီး ပွားပတ်သက်မှု အချက်နှစ်ချက်မှာ ဖျင်တွက်မကြည့်လည်း မြင်သာနေတဲ့ အကြောင်းလို့ဆိုရင်လည်း ရမှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားအစိုးရကတော့ သူ့ရဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မကြာမီ မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါက အမျိုးသားညီညွတ်ရေးအစိုးရနဲ့  ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို လက်တွဲဖို့အသင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ NUG ရဲ့ မျှော်လင့်ချက်အတွက် အားတက်ဖွယ်ရာ တွဲလက်ဖြစ်လာစေမလား။  မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘုံမူငါးချက် အကောင်အထည်ပေါ်ပေါက်မယ့် လမ်းစဖြစ်လာစေမလား။ ဒါမှမဟုတ် အာဆီယံရဲ့အရှိတရား ပေးထားချက် အကျိုးအကြောင်းမှာ ရိုးရာမပျက်ထုံးတမ်းစဉ်လာအတိုင်း လိမ်ဖယ်လိမ်ဖယ်သာ ဥက္ကဌသက်တမ်းကုန်လွန်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

မာအောင်

The Tanintharyi Times