PTTEP က ပေးတဲ့ ပညာသင်ဆုကို သပိတ်မှောက်ဖို့ သွေးစွန်းငွေအဖွဲ့ တိုက်တွန်း

PTTEP က ပေးတဲ့ ပညာသင်ဆုကို သပိတ်မှောက်ဖို့ သွေးစွန်းငွေအဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေရဲ့ အဓိကရှယ်ယာရှင် PTTEP ကုမ္ပဏီက ပေးတဲ့ ပညာသင်ဆု Scholarship Program ကို သပိတ်မှောက်ကြဖို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ Blood Money Campaign က တိုက်တွန်းထားပါတယ်။

PTTEP ကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့ Myanmar Motor Corporation က ပထမဆုံးဖွင့်လှစ်၊ သင်ကြားမယ့် မော်တော်ယာဉ်စက်ပြင်သင်တန်း MMC Automotive Mechanic Training အပတ်စဉ် (၁) ကို ခေါ်ယူနေပါတယ်။

သင်တန်းအခကြေးငွေမှာ လူတစ်ဦးကို ၁၅ သိန်း သတ်မှတ်ထားပြီး သင်တန်းသား ၁၄ ဦးအတွက် PTTEP အစီအစဉ်နဲ့ ပညာသင်ဆုတွေ ပေးမှာပါ။

မြန်မာနိုင်ငံရဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း စီမံကိန်းကြီး လေးခုထဲက PTTEP ဟာ စီမံကိန်း သုံးခုမှာ အဓိကရှယ်ယာပါနေပါတယ်။ သူတို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ထိုင်းနိုင်ငံက PTT ကုမ္ပဏီဟာလည်း ယင်းစီမံကိန်း သုံးခုက ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူနေတာ ဖြစ်ပါတယ်။

စောင့်ကြည့်လေ့လာသူတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ PTTEP နဲ့ PTT ကုမ္ပဏီတို့ကနေ ပေးချေနေတဲ့ ရေနံငွေတွေဟာ တစ်နှစ်ကို ဒေါ်လာသန်းထောင်ချီအထိရှိနေပြီး အဆိုပါ ငွေတွေနဲ့ မြန်မာစစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အသုံးစရိတ်အဖြစ် အသုံးပြုနေတယ်လို့ BMC အဖွဲ့က ထောက်ပြထားပါတယ်။

စစ်တပ်ကို နိုင်ငံခြားဝင်ငွေအများဆုံး ထောက်ပံ့နေတဲ့ PTTEP ကုမ္ပဏီရဲ့ သွေးစွန်းနေတဲ့ စကောလားရှစ်ကို လျှောက်ထားရုံနဲ့ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေတဲ့အပေါ် ဒေါ်လာထောင်ချီပံ့ပိုးနေတဲ့ လုပ်ရပ်ကို အသိအမှတ်ပြု အားပေးထောက်ခံရာရောက်တာကြောင့် ယင်းပညာသင်ဆုကို ပြည်သူတွေ လက်တွဲညီညီ သပိတ်မှောက်ကြဖို့ သွေးစွန်းငွေအဖွဲ့က ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။

ရတနာစီမံကိန်းနဲ့ ဇောတိကစီမံကိန်းတွေမှာ PTTEP က အော်ပရေတာအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပြီး ယင်းစီမံကိန်းတွေထဲမှာ မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းစီ ပါဝင်ထားပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုတွေ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ပေမယ့် PTTEP လုပ်ငန်းအနေနဲ့ စီမံကိန်း နှစ်ခုကို ဆက်ပြီး သက်တမ်းတိုးဖို့ ရှိနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

၂၀၂၈ ခုနှစ် မှာ သက်တမ်းကုန်ဆုံးမယ့် စီမံကိန်းတစ်ခုနဲ့ နောက်နှစ် ၂၀ မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နှစ်ရှည်စီမံကိန်းတွေကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ရှိကြောင်း PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်ကလည်း ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

အာဏာသိမ်းကြိုးစားမှုကာလ နှစ်နှစ်အတွင်းမှာ စစ်တပ်ဟာ PTTEP က ရတဲ့ ဝင်ငွေအပါအဝင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ ရရှိခဲ့တယ်လို့ Blood Money Campaign က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို ဝင်ငွေခွန်မြောက်များစွာပေးနေတဲ့ ကုမ္ပဏီလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက အစောပိုင်းကတည်းက တိုက်တွန်းထားတာ ဖြစ်ပြီး သပိတ်မှောက်တဲ့အထဲမှာ PTT အမှတ်တံဆိပ် စက်ဆီ၊ ချောဆီတွေနဲ့ Amazon ကော်ဖီဆိုင်တွေပါဝင်ပါတယ်။

The Tanintharyi Times