သတင်းဆောင်းပါးအတွက် ပြင်ဆင်ခြင်း

သတင်းဆောင်းပါးအတွက် ပြင်ဆင်ခြင်း

အခန်း (၅)

သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ

(နှံ့စပ်သိမြင်)

သတင်းဆောင်းပါးအတွက် ပြင်ဆင်ခြင်းကို Story Planningလို့ပဲ ခေါ်ကြပါစို့။ ပြင်ဆင်တဲ့အခါမှာ ပထမဆုံး လိုအပ်တာကတော့ စတိုရီအိုင်ဒီယာပါပဲ။

စတိုရီအိုင်ဒီယာကို ဝါကျတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်နဲ့ အနှစ်ချုပ်ပြောနိုင်၊ ရေးချနိုင်ဖို့လိုပါတယ်။ အဲဒီဝါကျကို Toplineလို့ အချို့သတင်းစာဆရာတွေက ခေါ်ကြပါတယ်။ တကယ်လို့ စတိုရီအိုင်ဒီယာကို ဝါကျတစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ မပြောနိုင်ဘူးဆိုရင်တော့ ကိုယ့်စိတ်ကူးက ဖိုးကပ်စ် မပြတ်သေးလို့ပါပဲ။

ကိုယ့်အိုင်ဒီယာကို ဖိုးကပ်စ်ပြတ်ဖို့အတွက် စိတ်ကူးကို ချွန်မြအောင် Narrow Down လုပ်ဖို့လိုပါတယ်။

ဥပမာ အားဖြင့် “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ များပြားနေတယ်”ဆိုရင် ဒီစိတ်ကူးဟာ ဖိုးကပ်စ်မပြတ်သေးပါဘူး။ “မြန်မာနိုင်ငံမှာ လိင်စိတ်ကွဲပြားသူတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်”ဆိုရင် ဖိုးကပ်စ် နည်းနည်းပိုပြတ်လာပါပြီ။

“မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ လိင်စိတ်ကွဲပြားသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်” ဆိုရင်တော့ ဖိုးကပ်စ်က ပြတ်သားသွားပါပြီ။ ဒါဟာ Narrow Down လုပ်တာကို နမူနာပြတာဖြစ်ပါတယ်။

Story Planning ရဲ့ဒုတိယအဆင့်မှာတော့ ဒီဆောင်းပါးကိုရေးတဲ့အခါ စာဖတ်သူတွေက ဘယ်လိုမေးခွန်းတွေ မေးမလဲဆိုတဲ့ ဖြစ်နိုင်ချေရှိတဲ့ မေးခွန်းတွေကိုချရေးဖို့ပါ။

ဥပမာအားဖြင့် –

၁) အကျဉ်းထောင်ထဲမှာလိင်စိတ်ကွဲပြားသူတွေကို ဘယ်လိုဖိနှိပ်မှုမျိုးတွေ လုပ်တာလဲ။

၂) မြန်မာနိုင်ငံရဲ့ဘယ်ထောင်တွေက အဆိုးဆုံးလဲ။

၃) ဘယ်လိုအမှုမျိုးတွေနဲ့ အကျဉ်းချခံရတဲ့သူတွေဟာ အဖိနှိပ်ခံရဆုံးလဲ။

၄) ဒီလိုလူ့အခွင့်အရေးချိုးဖေါက်မှုတွေကို လူ့အခွင့် အရေးကာကွယ်တဲ့အဖွဲအစည်းတွေက ဘယ်လိုတွေ ကန့်ကွက်ထောက်ပြကြသလဲ။

၅) ဒီလူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မှတ်တမ်းတင်ထားတဲ့အဖွဲ့တွေများ ရှိသလား။

၆) ဒီလိုအနိုင်ကျင့်မှုတွေကိုလျော့ပါးလာအောင် ဘာတွေလုပ်ဖို့လိုသလဲ။

ဒီမေးခွန်း ၆ ခုဟာ စာဖတ်သူတွေမေးနိုင်တဲ့ နမူနာ မေးခွန်းတွေအဖြစ် ပြတာဖြစ်ပါတယ်။ စာရေးသူကတော့ Big Questions တွေလို့ခေါ်လေ့ရှိပါတယ်။

တတိယအဆင့်ကတော့ ဒီမေးခွန်းတွေကို ဘယ်လိုလူပုဂ္ဂိုလ်တွေ (Human Sources) နဲ့ ဘယ်လိုစာရွက်စာတမ်း (Non-Human Sources) တွေက ဖြေပေးနိုင်လဲဆိုတဲ့ သတင်းရင်းမြစ်တွေကို စဉ်းစားဖို့ပါ။

သတင်းရင်းမြစ်တွေကို အရင်မစဉ်းစားခင် ကိုယ့်ဆောင်းပါးထဲမှာ စာဖတ်သူကို ဖြေပေးရမယ့်မေးခွန်းတွေကို အရင်စဉ်းစားသင့်ပါတယ်။

စတုတ္ထအဆင့်ကတော့ ကိုယ်တိုင်လေ့လာစူးစမ်းမှု (Observation) ကို ကြိုတင်စဉ်းစားထားဖို့ပါပဲ။ သတင်းဆောင်းပါးတွေမှာ ကိုယ်တိုင်လေ့လာစူးစမ်းမှုကို ဘာတွေလုပ်နိုင်သလဲဆိုတာကို ပြင်ဆင်ထားသင့်ပါ

တယ်။ ထောင်ဝင်စာမြင်ကွင်းကိုများ လေ့လာလို့ရနိုင်မလား၊ အကျဉ်းထောင်ကထွက်လာတဲ့ လိင်စိတ်ကွဲပြားသူတွေရဲ့နေအိမ်တွေကိုသွားပြီးစကားပြောလို့ရမလား။

ပဉ္စမအဆင့်ကတော့ ဆောင်းပါးကို ဖော်ပြတဲ့အခါ ဘယ်လိုဓာတ်ပုံ၊ သရုပ်ဖော်ပုံ၊ ဗီဒီယိုတွေနဲ့ ပံ့ပိုးပေးမလဲ ဆိုတာကို ကြိုတွေးထားဖို့ပါ။

ဓာတ်ပုံနဲ့ ဖော်ပြလို့ရတဲ့မြင်ကွင်းနဲ့ လူပုဂ္ဂိုလ်တွေရှိနိုင်သလို တချို့ ဖြစ်ရပ်တွေဟာ အကျဉ်းထောင်ထဲမှာ ဖြစ်တဲ့အတွက် သရုပ်ဖော်ပုံတွေနဲ့ပဲ ဖော်ပြလို့ရမှာပါ။ ဘာပဲဖြစ်ဖြစ် Visual ပိုင်းကို ကြိုတွေးထားရပါမယ်။

အခုဆွေးနွေးခဲ့တဲ့ အဆင့် ၅ ဆင့်ကိုပြင်ဆင်နိုင်ပြီဆိုရင်တော့ သတင်းဆောင်းပါးက အရည်အသွေးကောင်းဖို့ အခွင့်အလမ်းသာနေပါပြီ။

The Tanintharyi Times