ပလမှာ ဆန်းစျေးတွေတက်လို့ ဒေသခံတွေခက်ခဲနေ

ပလမှာ ဆန်းစျေးတွေတက်လို့ ဒေသခံတွေခက်ခဲနေ

ဓာတ်ပုံ - BBC

ပလမြို့မှာ ဆန်စျေးတွေရုတ်တရက်တက်လာတဲ့အတွက် အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလဒေသခံတွေဟာ ပေါ်ဆန်းမွှေး ဆန်အမျိုးအစားကို စားသုံးမှုများကြပြီး စစ်အာဏာမသိမ်းခင်က တစ်ပြည်ကို ၂၀၀၀ ကျပ်သာပေးခဲ့ရပေမဲ့ အခုနှစ်မိုးစပါးစိုက်ပျိုးချိန်မတိုင်ခင်က ၃၅၀၀ ကျပ်၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်ပြည်ကို ကျပ် ၄,၀၀၀ ထိဖြစ်လာတယ်လို့ ဈေးကွက်က သိရပါတယ်။

“ တချို့တွေဆို ဆန်တစ်ပြည်တောင် မဝယ်စားနိုင်တဲ့ အခြေနေတောင် ရောက်နေတယ်။” လို့ ပလမြို့က ဆန်အရောင်းဆိုင်ရှင် အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း ဘယ်အလုပ်မဆိုအဆင်မပြေနေတဲ့ကြားက ဆန်စျေးကိုဒီလိုတက်လာတဲ့အပေါ် စိတ်မကောင်းဘူးလို့ အဆိုပါဆန်အရောင်းဆိုင်ရှင်က ပြောပါတယ်။

ဆန်းဈေးကို တခြားဆိုင်တွေနဲ့ မတူဘဲ ဈေးချရောင်းရင် မလိုသူတွေက PDF ထောက်ပို့ဆိုပြီး တိုင်ရင် ဖမ်းမှာလည်း ကြောက်ရတယ်လို့ ဆိုင်ရှင်က ဆိုပါတယ်။

ဒေသခံတချို့ကတော့ အခုချိန်ဟာ ပုံမှန်အားဖြင့်ဆန်စျေးတက်တဲ့အချိန်မဟုတ်ပေမဲ့ တိုက်ပွဲဖြစ်ပြီးဒေသခံတွေပြေးနေရတဲ့အချိန် စပါးတွေကို စျေးနှိမ်ဝယ်ပြီး သိုလှောင်ထားသူတွေက စျေးကစားတာကြောင့် စျေးတွေ ထိုးတက်လာတာလို့ ပြောကြပါတယ်။

”ဆန်တွေက တနေရာနဲ့တနေရာ သယ်ရတာမလွယ်တော့ဘူး။ ဂိတ်ကြေးတွေလည်း ပေးရ အခန့်မသင့်ရင် ဂိတ်မှာဆွဲချခံရတာတွေရှိ‌တော့သူတို့သိုထားတဲ့စပါးတွေပဲ ကြိတ်‌ရောင်းတယ်။ အဲဒါကိုသူတို့က စျေးတင်ရောင်းတာ။” လို့ ပလဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလိုစျေးတက်တာဟာ ကျပ်နှစ်သောင်းတန်ဂယက်မတိုင်ခင်ကတည်းက စျေးတင်နေကြတာဖြစ်ပြီး နောက်ပိုင်းဒီထက်စျေးပိုတက်လာမဲ့အခြေနေမှာရှိနေတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။

ပလမြို့မှာ စပါးတင်း ၅၀ ခန့် စီးပွားဖြစ်ကြိတ်ချင်ရင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးကြင်ရှိန်ဆီမှာ ထောက်ခံစာတစ်ရွက်ကို ငါးထောင်ပေးဝယ်ယူပြီးမှ ကြိတ်ခွင့်ရနေတာဖြစ်ပါတယ်။ အိမ်စားဖို့အတွက် တစ်တင်းနှစ်တင်းလောက် တနိုင်ကြိတ်သူဆိုရင်တော့ ထောက်ခံစာမယူရဘူးလို့ သိရပါတယ်။

အခုလိုအခက်အခဲတွေကို ဒေသခံတွေက မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီတိုင်ကြားတာတွေရှိနေပြီး အကူအညီတောင်းခံတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ဆန်ဆိုင်တွေက စျေးတအားတင်တော့ အခက်ခဲတွေဖြစ်နေကြတာကို ပြည်သူတစ်ယောက်ကလည်း ကျနော့်ကိုငိုပြီးတော့ ဖုန်းဆက်လာတယ်။” လို့ မြိတ်ခရိုင်တပ်ရင်း(၁) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အခုလိုစျေးကစားနေတာကို ရှုတ်ချကြောင်းနဲ့ ဆန်စျေးတွေပြန်လျှော့ချပေးဖို့ PDF ဘက်က တောင်းဆိုထားပြီး စောင့်ကြည့်နေမယ်လို့လည်း အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

The Tanintharyi Times