မြိတ်မြို့ မှာ ဒိုင်နမိုပြင်ဆိုင်ဖွင့်ထားတဲ့ နေအိမ်မီးလောင်
မြိတ်မြို့ မှာ ဒိုင်နမိုပြင်ဆိုင်ဖွင့်ထားတဲ့ နေအိမ်မီးလောင်
မြိတ်မြို့က ဒိုင်နမိုပြုပြင်ရေးဝပ်ရှော့ဖွင့်ထားတဲ့ နေအိမ်တစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနဆီကသိရပါတယ်။
မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့သစ် (၇) လမ်း၊ ဦးမြတ်လေးလမ်းမှာရှိတဲ့ နှစ်ထပ်ပျဥ်ထောင်အိမ်တစ်ဆောင် မီးလောင်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒီကနေ့မနက် ၆ နာရီဝန်းကျင်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ၆ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနနဲ့ မီးငြှိမ်းသတ်ရာမှာပါဝင်တဲ့ ပရဟိတအဖွဲ့ဝင်တွေ ဆီကနေသိရပါတယ်။
“ ထမင်းအိုးတည်ထားရာကနေ အပူလွန်ပြီး မီးလောင်တာပါ။ လောင်တာကခဏပဲဆိုပေမဲ့ မီးကြီးတယ်။ အိမ်နဲ့ အိမ်ထဲကပစ္စည်းတွေမီးလောင်သွားတယ်” လို့ မီးငြှိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကတော့ ဆယ်သိန်းဝန်းကျင်ရှိတယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးလောင်မှုနောက်ဆက်တွဲအနေနဲ့ အိမ်ပိုင်ရှင်ကို ပေါ့လျော့မှုနဲ့ ရဲစခန်းမှာအမှုဖွင့်သွားဖို့ရှိတယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတာဝန်ရှိသူက ဆက်ပြောပါတယ်။
မီးငြှိမ်းသတ်ရာမှာ မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ကား ၇ စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့အတူ မြို့ခံပြည်သူတွေပါ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အခုလပထမပတ်ကလည်း မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်၊ ရွှေပြည်တန်လမ်းမကြီးပေါ်က ‘ရေစကြို’ စားသောက်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်ပထမခြောက်လတာအတွင်း မြိတ်မြို့ပေါ်မှာ မီးလောင်ကျွမ်းတာဟာ ၈ ကြိမ်အထိရှိပြီဖြစ်ပါတယ်။

The Tanintharyi Times
