“ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့ဒီမိုကရေစီ အလားအလာ”

“ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့ဒီမိုကရေစီ အလားအလာ”

မြန်မာ စစ်အာဏာရှင်တွေကို တင်းတင်းမာမာ ဆက်ဆံမယ့် အစိုးရ အသစ်တစ်ရပ် ဘန်ကောက်မှာ ထွက်ပေါ်လာဖို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မျှော်လင့်နေပါတယ်

မကြာခင်မှာ ပြုလုပ်တော့မယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က တစ်စိတ်တစ်ပိုင်း ပါဝင်အုပ်ချုပ်နေမှု အဆုံးသတ်ရေး ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံသားတွေအတွက် အရေးကြီးရုံသာမက အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဒုက္ခသည်အနေနဲ့ ဖြစ်စေ ရွှေ့ပြောင်းနေထိုင်သူအနေနဲ့ ဖြစ်စေ သွားရောက် ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသား ၁ ဒသမ ၅ သန်း ကျော်အတွက်လည်း အင်မတန် အရေးပါပါတယ်။

ဘာကြောင့်လဲ ဆိုတော့ နောက်တက်လာမယ့် ထိုင်းအစိုးရအသစ်ကသာ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေး တည်တံ့အောင် ထောက်ပံ့နေမှုကို ဖြတ်တောက်လိုက်မယ်ဆိုရင် မြန်မာ့စစ်အာဏာရှင်တွေ အလျင်အမြန် ပြုတ်ကျသွားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာလည်း ၂၀၁၄ ခုနှစ်ကတည်းက စစ်အာဏာသိမ်းခြင်း ခံထားရတာပါ။ ရွေးကောက်ခံ အစိုးရ ယင်လပ်ရှင်နာဝပ်ထရာ ကိုဖြုတ်ချကာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက အာဏာသိမ်းခဲ့ပြီး နောက်ထပ် ၅ နှစ်အကြာမှာတော့ စစ်တပ်အနီးကပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲတွေကျင်းပကာ အာဏာကို ဆက်လက်တည်မြဲစေခဲ့တာပဲ ဖြစ်ပါတယ်။

အခုလာမယ့် ရွေးကောက်ပွဲတွေမှာတော့ ပရာယွတ်အတွက် ထောက်ခံမဲ ရရှိနိုင်တဲ့ အလားအလာ တဖြည်းဖြည်း လျော့နည်းလာပါတယ်။ သူနဲ့ မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ဟာ ရင်းနှီးလှတဲ့ မဟာမိတ်တွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား လူငယ်သုတေသီ မခိုင်သက် (အမည်လွှဲ) က လာမယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်မှာ ရောက်ရှိနေတဲ့ လူတွေအတွက် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) ဦးဆောင်တဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု နောက်ကွယ်မှာ ထိုင်းရဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန်ပစ်မှာလားဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်သန်းလာစေတယ် လို့ ပြောပါတယ်။

“တကယ်လို့သာ ထိုင်းအတိုက်အခံတွေက အစိုးရဖြစ်လာခဲ့ရင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံကြမယ့်ပုံပဲ။ ပြီး‌တော့ အမေရိကန်နဲ့ ပူပေါင်းမှုတွေ တိုးမြှင့်ဆောင်ရွက်လာနိုင်တယ်။ ဒါပေမဲ့ ဒီနေရာမှာ မင်းအောင်လှိုင်ကို ထောက်ခံပေးနေတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မိတယ်။ တရုတ်က ထိုင်းအစိုးရအသစ် ကိုလည်း ဖိအားပေးနိုင်တယ်လေ” လို့ မခိုင်သက်က ပြောပါတယ်။

သူမဟာ မနှစ်က သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချလိုက်တာကြောင့် ဘန်ကောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာရသူ ဖြစ်ပါတယ်။ အခြားသော မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ သတင်းထောက်တွေ နဲ့ နိုင်ငံရေး သမားတွေလိုပဲ သူမအနေနဲ့ အမိမြေကို ပြန်သွားမယ်ဆိုရင် သေချာပေါက် ‌ထောင်ချ နှိပ်စက် ခံရနိုင်ချေရှိတာကြောင့် အိမ်ပြန်မယ့်အရေး စိုးရိမ်ကြောင့်ကြ နေရပါတယ်။

“ထိုင်းစစ်အစိုးရနဲ့ မြန်မာစစ်အစိုးရဟာ ညီအစ်ကို သဖွယ် ဆက်ဆံရေးမျိုးရှိတယ်။ ထိုင်းဟာ မြန်မာစစ်အုပ်စုနဲ့ သံတမန်ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပြီး ကပ္ပလီပင်လယ်ပြင် ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေလိုမျိုး စီးပွားရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ အဲ့ဒီလုပ်ငန်းတွေက ကျွန်မတို့ရဲ့ တော်လှန်ရေးကို ထိခိုက်စေတယ်” လို့ သူမက ရှင်းပြပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်သလို ထိုင်း-မြန်မာ ဆက်ဆံရေးဆိုင်ရာ ထင်ရှားတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ သီတီနန် ပွန်ဆူဒဟီရတ် Thitinan Pongsudhirak က ရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ပြန်လည် သုံးသပ်ကာ လမ်းကြောင်းပြောင်းနိုင်ဖို့ အခွင့်အရေးတစ်ခုပဲ လို့ သုံးသပ်ထားပါတယ်။

Al Jazeera ရဲ့ အင်တာဗျူးတစ်ခုမှာ မြန်မာနိုင်ငံအပေါ် ထိုင်းအစိုးရရဲ့ လက်ရှိ ချဥ်းကပ်မှုဟာ ဆိုးရွားလွန်းတာကြောင့် မတူညီတဲ့ ခေါင်းဆောင်မှု တစ်ခုအောက်မှာ အရည်အသွေးရှိတဲ့ အစိုးရတစ်ရပ် တက်လာဖို့ ထိုင်းနိုင်ငံအတွက် အရေးကြီးတယ် လို့ Pongsudhirak က ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် နောက်တက်လာမယ့် အစိုးရသစ်ဟာ NUG နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းရဲ့ မြန်မာနိုင်ငံအပေါ် ဆက်ဆံပုံက နိုင်ငံတကာမှာ ဂုဏ်သိက္ခာကျစေတယ်။ ဒီနှစ်နိုင်ငံက နယ်နိမိတ်ချင်းလည်း အတော်လေး ထိစပ်နေတာကြောင့် မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာပြိုကွဲပြီး အချင်းချင်း စစ်ခင်းမယ့်အရေး (Balkanisation) ကိုလည်း မလိုလားဘူး။ ဒါပေမဲ့ SAC ( မြန်မာစစ်အုပ်စု ရဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ) ကို ခခယယ ဆက်ဆံရမယ်လို့လည်း မဆိုလိုဘူး” လို့ သူက ရှင်းပြပါတယ်။

ဆက်လက်ပြီး “အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေ အနေနဲ့ နယ်မြေစိုးမိုးမှု ပိုမိုရရှိလာပြီး ရလဒ်ကောင်းတွေလည်း ပြသလာနိုင်တယ်။ ကျွန်တော်တို့ သူတို့နဲ့လည်း လက်တွဲလုပ်ဆောင့်သင့်တယ်။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် လမ်းကြောင်းအသွယ်သွယ် ပံ့ပိုးပေးသင့်တယ်” လို့ သူက ဆိုပါတယ်။

◾စစ်တပ် လွှမ်းမိုးမှု

မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ထိုင်းလွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ လွှတ်တော်ဖျက်သိမ်းပြီး ၄၅ ရက်ကနေ ရက် ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကျင့်သုံးနေ ဒီမိုကရေစီစနစ်ဟာ ချို့ယွင်းချက်တွေ ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ Economist Intelligence Unit အဖွဲ့က မှတ်ချက်ပြုထားပါတယ်။

ထိုင်းနိုင်ငံဟာ ပထမဆုံး လွတ်လပ်တဲ့ နိုင်ငံဖြစ်သွားချိန် ၁၉၃၂ ခုနှစ် ကနေ လက်ရှိအချိန်အထိ စစ်အာဏာသိမ်းမှု (၁၂) ခု ပေါ်ပေါက်ခဲ့သလို ထိုင်းပါလီမန်စနစ်မှာလည်း စစ်တပ်က အထက်လွှတ်တော်အမတ်တွေကို စိတ်ကြိုက်ခန့် အပ်ပိုင်ခွင့် အာဏာ ပိုပိုသာသာ ရထားပါတယ်။

အတိုက်အခံပါတီတွေဖြစ်ကြတဲ့ Pheu Thai နဲ့ Move Forward ပါတီတွေဟာ လက်ရှိမှာ လူထုထောက်ခံမှု သိသိသာသာ ရရှိနေပေမဲ့ နောက်ဆုံး အတည်ပြုချက်ဟာ အောက်လွှတ်တော် ရွေးကောက်ပွဲ ရလဒ်တွေနဲ့ချည်း ဆုံးဖြတ်လို့ မရပါဘူး။

ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ ဥပဒေပြု အထက်လွှတ်တော် အမတ် ၂၅၀ ရဲ့ မဲအရေအတွက်ကိုပါ ထည့်တွက်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက အတိုက်အခံ ဒီမိုကရေစီ ပါတီကြီး နှစ်ခုအနေနဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့အတွက် စစ်တပ်ပိုင် နေရာ ၃၇၆ နေရာရဲ့ ၇၅ ရာခိုင်နှုန်း ထက်ကျော်လွန်တဲ့ ဆန္ဒမဲ ရရှိဖို့ လိုအပ်ပါတယ်။

အဲဒီလို စစ်တပ်က လွှတ်တော်ထဲမှာ နေရာအတိအကျ ဦးထားပေမဲ့ အတိုက်အခံပါတီတွေ အတွက် အနိုင်ရနိုင်ခြေတော့ ရှိပါသေးတယ်။

ယင်လပ်ရဲ့ တူမ ဖြစ်သူ၊ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ရဲ့ သမီး ပါတွန်တန် ရှင်နာဝပ်ထရာ ဟာ Pheu Thai ပါတီ ကိုယ်စားလှယ်အနေနဲ့ ပရာယွတ်ထက် မဲအရေအတွက် ပိုများနေပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အကြိုသဘောထားစစ်တမ်းတွေမှာ မဲဆန္ဒရှင်တွေရဲ့ အကြိုက်ဆုံး အဖြစ် ရွေးချယ်ခံရသူတွေရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

တကယ်လို့ Pheu Thai ပါတီသာ ညွန့်ပေါင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် အာဆီယံမှာ ထိုင်းနိုင်ငံရဲ့ သဘောထားဟာ ပိုပြီး ပျော့ပျောင်းလာနိုင်ဖွယ်ရှိတယ် လို့ ဝါရှင်တန်ဒီစီရှိ National War College ရဲ့ ပါမောက္ခ Zach Abuza က သုံးသပ်ထားပါတယ်။

မနှစ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးကို မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုက သေဒဏ်စီရင် လိုက်ချိန်မှာလည်း Pheu Thai ပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ သူတို့ပါတီအနေနဲ့ ထိုင်းနိုင်ငံသားတွေအတွက်သာမက ကမ္ဘာပေါ်က နိုင်ငံသားအားလုံးအတွက် လွတ်လပ်မျှတတဲ့ တရားစီရင်ချက် နဲ့ အာမခံခွင့်ပြုချက် အပါအဝင် တရားဥပဒေ စိုးမိုးရေး ရရှိအောင် ကာကွယ်ပေးရေးနဲ့ ဒီမိုကရေစီအတွက် ဆန္ဒထုတ်ဖော်ခွင့် တွေကို တစိုက်မတ်မတ် အားပေးထောက်ခံသွားမှာ ဖြစ်ကြောင်း ထပ်လောင်းကြေညာခဲ့ပါတယ်။

SAC ဟာ လက်ရှိအချိန်ထိ လူပေါင်း ၃,၁၄၆ ဦး ကို သတ်ဖြတ်ခဲ့ပြီး ၂၀,၇၀၀ ထက်မနည်းကို ဖမ်ဆီးထောင်ချထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အရှေ့တောင်အာရှ နိုင်ငံ‌ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Zach Abuza ကတော့ ထိုင်းမှာ ဘယ်အစိုးရတက်တက် မြန်မာနိုင်ငံအပေါ်ထားတဲ့ ထိုင်းစစ်တပ်ရဲ့ သဘောထားကို စိန်ခေါ်ဝံ့မလားဆိုတာ သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။

“ထိုင်းအစိုးရအသစ်ဟာ နောက်ဆက်လှမ်းရမယ့် ခြေလှမ်းတွေကို သတိကြီးကြီးထား လျှောက်လှမ်းရမှာဖြစ်ပြီး ရန်သူဘယ်သူလဲ ဆိုတာ သေသေချာချာ ရွေးချယ်ရလိမ့်မယ်။ နောက်ပြီး သူတို့အနေနဲ့ မြန်မာစစ်အုပ်စုကို ပေါ်ပေါ်ထင်ထင် အလေးထား ဆက်ဆံနေတဲ့ ထိုင်း‌တော်ဝင် စစ်တပ် (Royal Thai Army) နဲ့ ဖက်ပြိုင်မှာ မဟုတ်လောက်ဘူးလို့လည်း တွေးလို့ရနိုင်တယ်” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့ အာဏာသိမ်းခေါင်းဆောင်တွေကို နိုင်ငံတကာ စင်မြင့်ပေါ်မှာ လူသိရှင်ကြား ထောက်ခံကြောင်း ပြသခဲ့တဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေတဲ့ အာဆီယံ မှာဆိုရင်တော့ ၂၀၂၁ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ရာမှာ သဘောထားချင်းမတိုက်ဆိုင်ကြဘဲ အဖွဲ့အသီးသီး ကွဲထွက်သွားပါတယ်။ လက်ရှိ ဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြောင်း ပြသနေချိန်မှာ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာ့အရေးကို လက်ရှောင်နေကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးသံတမန် Pornpimol Kanchanalak က စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စမှန်သမျှ ပယ်ချပစ်ရမယ်လို့ ပုံသေမတွေးသင့်ကြောင်း နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းခဲ့ပြီး စစ်အစိုးရ စီစဥ်လာမယ့် ရွေးကောက်ပွဲတွေကို လက်ခံကြဖို့ မနှစ်က တောင်းဆိုခဲ့ပါသေးတယ်။

တကယ်တော့ အဲဒီ့ရွေးကောက်ပွဲ ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ ကို ပယ်ချပြီး စစ်အုပ်ချုပ်ရေး တရားဝင်ဖို့ မင်း‌အောင်လှိုင်ရဲ့ စစ်အုပ်စုက အကွက်ချ စီမံနေတဲ့ အစီအစဥ်တစ်ခုပဲ ဖြစ်ပါတယ်။

သူမက “ရှုတ်ချမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေ နဲ့ ဝိုင်းဝန်းရှောင်ကြဥ်မှုတွေဟာ…….သိသိသာသာ အကျိုးထူးမှာမဟုတ်ဘူး” လို့ စောဒက တက်ခဲ့ပါတယ်။ သူမလို အမေရိကန်မှာ တရားမဝင် စည်းရုံးပြောဆိုမှုနဲ့ စွဲချက်တင်ခံခဲ့ရဖူးသူကို အဲဒီ့ရာထူးခန့်အပ်ခဲ့တာဟာ တကယ် အံ့သြစရာပါ။

“မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေဟာ ထိုင်းရွေးကောက်ပွဲပုံစံကို စံနမူနာယူပြီး သူတို့ရဲ့ ရွေးကောက်ပွဲကို တည်ဆောက်နေကြတာ။ ဒါပေမဲ့ ခုအချိန်မှာတော့ ထိုင်းနိုင်ငံဟာ အာဆီယံဥက္ကဌ အင်ဒိုနီးရှားရဲ့ အစီအစဥ်တွေကို မထီမဲ့မြင်ပြုလာတာကြောင့် အာဆီယံအဖွဲ့အတွင်းမှာရော ပြင်ပကနေပါ ဝေဖန်မှုဒဏ်တွေ ခံနေရတယ်” လို့ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ဟောင်း Laetitia van den Assum က Al Jazeera သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းဝေးပွဲတွေမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ခန့်အပ်ထားတဲ့ နိုင်ငံရေးသမားတွေကို ဖိတ်ကြားခြင်းမပြုဖို့ ဆုံးဖြတ်ထားပေမဲ့ ထိုင်းနိုင်ငံက ဒေသတွင်း တွေ့ဆုံပွဲတွေမှာ SAC ရဲ့ နိုင်ငံခြားရေး ၀န်ကြီးကို ဖိတ်ကြားဖို့ ကြိုးစားခဲ့ကြောင်း သာဓကနဲ့ တကွ သူမက ပြောခဲ့တာပါ။

အရှေ့တောင် အာရှ ပညာရှင် Abuza က “တကယ်တော့ ထိုင်းနိုင်ငံရေးသမားတွေထဲမှာ မြန်မာနဲ့ ပတ်သက်ပြီး ရပ်တည်ချက် ပိုခိုင်မာသူတွေ ရှိကြတယ်။ မြန်မာဟာ ထိုင်းနိုင်ငံအတွက် ပြဿနာတွေ တသီကြီး ယူလာနိုင်တာကြောင့် ထိုင်းခေါင်ဆောင်တွေအနေနဲ့ သတိကြီးကြီးထား ကိုင်တွယ်သင့်တယ်။ ဥပမာ- တရားမဝင် မူးယစ်ဆေးဝါး အဆမတန် တင်သွင်းတာ၊ ရာဇဝတ်မှုတွေ ပိုတိုးလာတာ၊ ဒုက္ခသည်တွေ တစ်လှေကြီး ဝင်ရောက်လာတာ၊ တရုတ်ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ နယ်စပ်ဒေသတွေရဲ့ အထူးစီးပွားရေးဇုန်တွေက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပျော်မွေ့ကိန်းအောင်းတဲ့ နေရာတွေ ဖြစ်လာတာ …စတဲ့ ပြဿနာတွေကို သိထားသင့်တယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပရာယွတ် အစိုးရ အဖွဲ့ကတော့ အဲဒီ့ပြဿနာတွေရဲ့ မူလဇစ်မြစ်ကို တမင်တကာပဲ မသိကျိုးကျွန်ပြုနေတယ် လို့သူက ထည့်သွင်း ထောက်ပြသွားပါတယ်။

◾စစ်အုပ်ချုပ်ရေးကို တညီတညွတ်တည်း ဆန့်ကျင်နေသူ‌တွေ

ပရာယွတ်ရဲ့ မြန်မာမူဝါဒအပေါ် စနစ်တကျ ဝေဖန်ထောက်ပြနေတဲ့ ထိုင်း အတိုက်အခံတစ်ဦး ရှိပါတယ်။ သူကတော့ ဖျက်သိမ်းခံလိုက်ရတဲ့ Future Forward ပါတီ ခေါင်းဆောင် Thanathorn Juangroongruangkit ဖြစ်ပြီး မနှစ်က ထိုင်ဝမ်ကို အလည်အပတ်သွားရောက်စဥ်မှာ မင်းအောင်လှိုင်ကို ပံ့ပိုးကူညီနေတဲ့ ပရာယွတ်ရဲ့ လုပ်ရပ်တွေနဲ့ မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းတွေ ခွင့်ပြုဖို့ ငြင်းဆန်နေမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ပါတယ်။

“ထိုင်းအစိုးရက မင်းအောင်လှိုင်ရဲ့ စစ်အုပ်ချုပ်ရေးကို ပံ့ပိုးနေတာတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ လုံးဝမကိုက်ညီပါဘူး။ ကျွန်တော်တို့ အခြေအနေကလည်း အများကြီး ပိုသာလွန်ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ (မြန်မာ့အရေးကို) ဂရုတစိုက် ရှိပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တကယ်လို့သာ ရွေးကောက်ပွဲအလွန်မှာ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ ညွန့်ပေါင်းအစိုးရသာ ဖွဲ့နိုင်ခဲ့ရင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်ကူညီနိုင်မယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွေမှာ လူငယ်အများအပြား အာရုံကျခဲ့တဲ့ Future Forward ပါတီအနေနဲ့ တရားရုံးမှာ အမှုအခင်းတွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးနောက် ပြည်သူ့ရေးရာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် (ရုံးဖွင့်ခွင့်) ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ့ပါတီရဲ့ ခေါင်းဆောင် Juangroongruangkit က လက်ရှိမှာ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုနဲ့ တက်တက်ကြွကြွ ဆက်ဆံနေတဲ့ ထိုင်းရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်ရုပ်သိမ်းပြီး မြန်မာနဲ့ ထိုင်းရဲ့ စီးပွားရေးအရ ဆက်နွယ်ချက်တွေကိုလည်း ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားမယ်လို့ ကတိကဝတ် ပြုခဲ့ပါတယ်။

သူဟာ Future Forward ပါတီကို ၂၀၁၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး သြဇာတိက္ကမရှိတဲ့ စွန့်ဦးကြံဆနိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၈၁ နေရာ အနိုင်ရခဲ့ပြီး တတိယမြောက် မဲအများဆုံးရတဲ့ ပါတီ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ တရားရေး အမှုအခင်းတွေ နောက်ဆက်တွဲ ပေါ်ပေါက်လာပြီး နောက်ဆုံးမှာ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါတီကို ထာဝရ ဖျက်သိမ်းဖို့ အမိန့်ချခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ လွှတ်တော်အမတ် အများစုက နောက်ထပ်ပေါ်ထွက်လာတဲ့ Move Forward ကနေ ဆက်လှုပ်ရှား လာကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရရေး ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အပြုအမူတွေ လုပ်ဆောင်လာမှာ စိုးရိမ်တယ်လို့လည်း တချို့က ဖော်ပြကြပါတယ်။

ပရာယွတ်အနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တာ ၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို ပိတ်ပင်တားဆီးတာ၊ သတင်းမှား ဖြန့်ဝေတာတွေ ပြုလုပ်ပြီး အာဏာကို ဆက်လက်ကိုင်ဆောင်ထားဖို့ ကြိုးစားမှာကို စိုးရိမ်ကြောင်း မခိုင်သက်က ပြောကြားပါတယ်။

ဒါပေမဲ့ ထိုင်းအတိုက်အခံတွေကသာ ကြုံလာတဲ့ အခက်အခဲတိုင်းကို အောင်အောင်မြင်မြင်ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင် NUG ကို မြန်မာပြည်သူပြည်သူတွေရဲ့ ကိုယ်စားလှယ်အစစ်အနေနဲ့ အသိအမှတ်ပြုလာနိုင်ခြေရှိတာကြောင့် NUG အတွက်လည်း အထောက်အကူအများကြီးရမယ်လို့ သူမက ပြောပါတယ်။

ဒါ့အပြင် NUG ရုံးခန်းကို ဩစတေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ ဖွင့်ထားနိုင်သလိုမျိုး ထိုင်းနိုင်ငံမှာလည်း ဖွင့်ခွင့်ရဖို့ အရပ်သားအစိုးရ (NUG) က တောင်းဆိုခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေကဆီက သိရပါတယ်။ ဒါပေမဲ့လည်း ပြည်ပရောက် မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ နဲ့ သတင်းထောက်တွေကိုတော့ ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်ခွင့် ပေးထားပါတယ်။

“NUG က လွတ်လပ်မှု၊ ဒီမိုကရေစီ နဲ့ နိုင်ငံသားအခွင့်အရေးတွေ ကို ကိုယ်စားပြု ရပ်တည်နေတာ။ အဲဒီ့မူတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေကိုလည်း အပြည့်အဝ ရရှိစေချင်တယ်။ ထိုင်းပြည်သူလူထုရဲ့ အကျပ်အတည်းက ကျွန်တော်တို့ရဲ့ ပြဿနာ ဆိုလည်း ဟုတ်တာပါပဲ။ သူတို့လည်း စစ်မှန်တဲ့ ဒီမိုကရေစီ ဆုံးရှုံးနေတာပဲလေ” လို့ ထိုင်းနိုင်ငံတစ်ဝန်းမှာ ရောက်ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ NUG ဝန်ကြီးတစ်ဦးက Al Jazeera ကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မြန်မာ ဒုက္ခသည်တွေနဲ့ အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်သူတွေ ခိုလှုံရာ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေနဲ့ ထိုင်းနိုင်ငံအနှံ့အပြားမှာ NUG ရဲ့ ဝန်ကြီးအဆင့် အစိုးရအဖွဲ့ဝင်အများအပြား နေထိုင်နေကြတယ်လို့ Al Jazeera သတင်းဌာနက ယူဆမိပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မျဥ်းရဲ့ မြန်မာဘက်အခြမ်းက နယ်မြေအများစုကိုတော့ မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ သူ့လက်အောက်ခံ တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုက‌ရေစီ အမွေအနှစ်တွေ အမြန်ဆုံး ပြန်ရရှိရေးနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အသံကို လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အမှန်အတိုင်း ကြားရမယ်လို့ အရိုးသားဆုံး မျှော်လင့်နေပါတယ်” NUG ဝန်ကြီးက Al Jazeera ရဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ လုံခြုံရေးအကြောင်းပြချက်ကြောင့် အဆိုပါ ဝန်ကြီး လက်ရှိနေထိုင်ရာ လိပ်စာကို ဖော်ပြလို့ မရသေးပါဘူး။

ဆက်လက်ပြီး ဝန်ကြီးက NUG နဲ့ ထိုင်းနိုင်ငံရေးပါတီတွေ၊ ထိုင်းနိုင်ငံရေးသမားတွေ အကြား တိုက်ရိုက်ဆက်သွယ်မှု မရှိသေးကြောင်း ပြောကြားပါတယ်။

“အစက Milk Tea Alliance ကတဆင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပူးတွဲလုပ်ဆောင်သွယ်မယ်လို့ မျှော်လင့်ထားပေမယ့် အခုချိန်ထိတော့ ထိုင်းနိုင်ငံရေးကိစ္စတွေထဲ ဝင်ရောက်ပတ်သက်တာမျိုး မရှိပါဘူး” လို့ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှတဝှမ်းက အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ရည်ရွယ်ချက်တူသူ လူငယ်တွေ ဖွဲ့စည်းထားတဲ့ ကွန်ရက်ဖြစ်တဲ့ Milk Tea Alliance နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

“တကယ်လို့သာ Move Forward ပါတီက ဖြစ်စေ ကျွန်တော်တို့ တိုက်ပွဲဝင်နေတဲ့ အရာတွေကို တန်ဖိုးထားတဲ့ ပါတီတစ်ခုခုက ဖြစ်စေ အနိုင်ရသွားရင် နှစ်နိုင်ငံစလုံးရဲ့ ပြဿနာတွေကို အတူတကွ လက်တွဲဖြေရှင်းရင်း သူတို့နဲ့ အဆင်ပြေပြေ ချိတ်ဆက်လုပ်ကိုင်သွားမယ်” လို့ သူက ဆိုပါတယ်။

(AL JAZEERA မှာ မတ်လ ၂၁ ရက်နေ့က ဖော်ပြခဲ့တဲ့ “Myanmar’s democratic struggle at stake in Thailand’s election” ဆောင်းပါးကို Connect Burma က ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်)

စာ‌ရေးသူများ- Dominic Oo နဲ့ Thompson Chau

The Tanintharyi Times