တနင်္သာရီမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို အင်တိုက်အားတိုက် မွေးထုတ်နေ

တနင်္သာရီမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို အင်တိုက်အားတိုက် မွေးထုတ်နေ

ဓာတ်ပုံ - ထားဝယ်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်တွေကိုရိက္ခာထောက်ပံ့ပွဲ။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီရဲ့ အရန်အင်အားအတွက် ပျူစောထီးလို့အများကခေါ်ကြတဲ့ ပြည်သူ့စစ်တွေကို အင်တိုက်အားတိုက်မွေးထုတ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကနေသိရပါတယ်။

ပြည်သူ့စစ်သင်တန်းတွေဖွင့်တာနဲ့ ပြည်သူစစ်တွေကို ငွေကြေးထောက်ပံ့တာတွေကို တနင်္သာရီတိုင်းမှာ အခုလအတွင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကိုယ်တိုင် တက်ရောက်ပြီး ဆောင်ရွက်နေတာကို တွေ့နေရပါတယ်။

ပြီးခဲ့တဲ့အပတ်မှာပဲ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ ဖွင့်နေတဲ့ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လို့ပြီးသွားတာတွေ ရှိပါတယ်။

အဆိုပါ သင်တန်းတွေဟာ ပြီးခဲ့တဲ့ လလယ်လောက်ကစပြီး စစ်ကောင်စီက အကောင်အထည်ဖော်နေတာလိို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သင်တန်းတွေ ပြီးသွားချိန်မှာတော့ စစ်ကောင်စီရဲ့မျှော်မှန်းချက်တွေနဲ့ ကွဲလွဲမှုတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်ကရွာတိုင်းမှာ ပြည်သူ့စစ်တွေဖွဲ့မယ်လို့ လေသံပစ်ပြီး ခေါ်တာ။ အခုသင်တန်းပြီးသွားတော့ ကျေးရွာအုပ်စုတစ်စုမှာ ၅ ယောက်လောက်ပဲဖွဲ့နိုင်တာတွေ့ရတယ်။ ဒီလိုသင်တန်းတွေတက်ဖို့ဆိုတာလည်း စိတ်ကလုပ်ချင်မှလည်းဖြစ်မှာ။ ဒါမျိုးလူတွေရဖို့က ခက်တယ်ဗျ”လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူ့စစ်သင်တန်းသားအများစုဟာ ၄၅ နှစ်ဝန်းကျင်အရွယ်တွေ များပြီး၊ ၎င်းတို့ဟာ တနိုင်တပိုင် တံငါအလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသားတွေ၊ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေ အများစုဖြစ်တယ်လို့ သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်က အဲဒီပြည်သူ့စစ်သင်တန်းတွေကို ခလရ (၂၂၄)မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသားတွေကို ၇ ရက်တစ်ကြိမ်၊ တစ်သုတ်ပြီးတစ်သုတ် သင်တန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” သေနတ်အသုံးပြုပုံနဲ့ပတ်သက်ပြီး အဓိကသင်တန်းပေးတာ။ ဘုတ်ပြင်းမှာက လက်နက်အပြည့်အစုံနဲ့ အမာခံပြည်သူ့စစ်တွေရှိတယ်။ အခုသင်တန်းသားတွေက လိုလာရင်ဆွဲသုံးဖို့အရန်ဖွဲ့တာ” လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောပြပါတယ်။

ပြည်သူ့စစ်အင်အားအတွက် သင်တန်းသားမခေါ်ခင်က တစ်အိမ်ထောင်ကို တစ်ယောက်သင်တန်းတက်ပေးဖို့နဲ့ မတက်ရင် တစ်သောင်းကျပ်ဒဏ်ငွေဆောင်ရမယ်လို့ အမိန့်ထုတ်ခဲ့တာတွေရှိပေမဲ့ လက်ရှိမှာ သင်တန်းမတက်တဲ့ အိမ်တိုင်းကို ဒဏ်ငွေကောက်ခံတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

” ကောက်တဲ့ရွာတွေကိုကောက်တယ်။ ဒါပေမဲ့ ရွာအနည်းငယ်ပဲ။ လေသံကတော့ ပစ်ထားတာ‌ပေါ့။ လိုလာပြီဆို သူတို့ဆွဲသုံးမှာပဲ” လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကဆက်ပြောပါတယ်။

ပြည်သူ့စစ်‌တွေ သင်တန်းပေးနေတဲ့ ကာလအတွင်းမှာပဲ တနင်္သာရီတိုင်းအတွင်းက ထားဝယ်၊ မြိတ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေက ပြည်သူ့စစ်(ဌာနေ)တွေကို စစ်ကောင်စီကငွေနဲ့ရိက္ခာထောက်ပံ့ခဲ့တာကိုလည်း တွေ့ရပါတယ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် လာရောက်ပြီး ပြည်သူ့စစ်တစ်ယောက်ကို ငွေကျပ် သုံးသောင်း၊ ဆန်၊ ကြက်ဥနဲ့ ပဲ တွေ လာရောက်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီထောက်ပံ့တဲ့အခမ်းအနားတွေကို မြိတ်နဲ့ ဘုတ်ပြင်းက တပ်နယ်ခန်းမတွေမှာပြုလုပ်ခဲ့သလို ထားဝယ်က အောင်ဆန်းခန်းမမှာတော့ ပြီးခဲ့တဲ့ ၂၂ ရက်ကကျင်းပခဲ့ပါတယ်။

မြိတ်မြို့နယ်မှာတော့ ပြည်သူ့စစ်သင်တန်း နှစ်ကြိမ်အထိပေးပြီးသွားပြီလို့သိရပြီး ပထမအပတ်စဥ်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကပြုလုပ်ခဲ့တာဖြစ်ပြီး မြိတ်နဲ့ကျွန်းစုမြို့နယ်တွေက ရာအိမ်မှူး၊ မီးသတ်နဲ့ ကြံ့ခိုင်ရေးပါတီထောက်ခံသူ ၁၀၀ ခန့်တက်ရောက်ခဲ့ပါတယ်။

ကျွန်းစုမြို့နယ်မှာလည်း ပြည်သူ့စစ်သင်တန်းတွေဆက်တိုက်ပေးခဲ့တယ်လို့ သိရပေမဲ့ တက်ရောက်ခဲ့သူတွေရဲ့ ကျေးရွာတွေကို အတိအကျ မသိရပါဘူး။

လောင်းလုံးမြို့နယ်ထဲမှာလည်း ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက ပြည်သူ့စစ်တွေကိုသင်တန်းပေးပြီးလက်နက်တွေတပ်ဆင်ပေးခဲ့ဖူးပါတယ်။

ဘုတ်ပြင်းမြို့နယ်မှာတော့ ကျေးရွာအုပ်စု ၂၇ အုပ်စုထဲက နို့ငွားကျေးရွာအုပ်စု၊ မဏ္ဏိုင်မြို့၊ မနိုးကျေးရွာအုပ်စု၊ မသေကျေးရွာအုပ်စုတွေမှာ ပြည်သူ့စစ်တွေရှိခဲ့တာဖြစ်ပြီး သင်တန်းတွေအပြီးမှာတော့ ကျေးရွာအုပ်စု ၂၇ အုပ်စုလုံးမှာ ပြည်သူ့စစ်အရံအင်အားတွေရှိနေပြီလို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီနဲ့ ပုလောမြို့နယ်တို့အပြင် အခြား မြို့နယ်တချို့ မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွါးနေပါတယ်။

The Tanintharyi Times