စစ်ပွဲတွေကြားမှာ ရာသီဥတုဖောက်ပြန်မှုဒဏ် ဆိုးဆိုးရွားရွားခံစားနေရတဲ့မြန်မာနိုင်ငံ
စစ်ပွဲတွေကြားမှာ ရာသီဥတုဖောက်ပြန်မှုဒဏ် ဆိုးဆိုးရွားရွားခံစားနေရတဲ့မြန်မာနိုင်ငံ
“ မြန်မာနိုင်ငံဟာ အာရှတိုက်တွင်းမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ဒုတိယမြောက် အဆိုးဆုံးခံစားနေရတဲ့ နိုင်ငံဖြစ်နေပါပြီ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာဖြေရှင်းရခက်ခဲတဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေပါတယ်”
Ashley South (စာရေးဆရာ ၊ နိုင်ငံရေး နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာသုတေသီ)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရထံကနေ မတရားအာဏာသိမ်းယူခဲ့ပါတယ်။ ဒီအာဏာသိမ်းယူမှု ရဲ့ နောက်ဆက်တွဲ အနေနဲ့ မြန်မာစစ်တပ်ကို အံတု တော်လှန်တဲ့ အဖွဲ့အစည်း အများအပြားပေါ်လာခဲ့ပြီး ဖြေရှင်းရခက်ခဲတဲ့ စစ်ပွဲ နဲ့ ပဋိပက္ခတွေ မွေးဖွားလာပါတော့တယ်။
တချိန်တည်းမှာ ပဲ မြန်မာပြည်သူတွေ ဟာ စစ်တပ်ရဲ့ ဖိနှိပ်မှု ၊ စစ်မက်ဖြစ်ပွားမှုတွေ နဲ့ ရာသီဥတု ဖောက်ပြန်မှု ဒဏ် ၊ Covid – 19 ရောဂါကပ်ဘေး တွေကို ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံ မှာ မျက်မှောက်ကြုံတွေ့နေရတဲ့ စစ်ပွဲ ၊ပဋိပက္ခ တွေ နဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အခြေအနေတွေကို သုတေသနပြုစုရေးသားထားတဲ့ “Conflict, Complexity and Climate Change” စာအုပ်ကို ထိုင်းနိုင်ငံ ၊ ချင်းမိုင် မြို့မှာ မနေ့ကမိတ်ဆက်ခဲ့ပါတယ်။
ဒီစာအုပ်ကို မြန်မာ့နိုင်ငံရေး ၊ လူမျိုးစုအရေး နဲ့ ပြည်တွင်းစစ် အကြောင်းတွေကို အစဉ် တစိုက်သုတေသန ပြုရေးသားနေတဲ့နိုင်ငံရေး နဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပညာရှင် Ashley South ရေးသား ပြီး ထိုင်းနိုင်ငံ ၊ ချင်းမိုင် တက္ကသိုလ်၏ The Regional Center for Social Science and Sustainable Development ( RCSD) က ထုတ်ဝေတာ ဖြစ်တယ်။
မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို နှစ်ပေါင်းများစွာ လေ့လာ ရေးသားနေ သူတစ်တစ်ဦးဖြစ်တဲ့ စာရေးဆရာ Ashley South ဟာ ဒီစာအုပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ စတင်ထားပြီး အာဏာသိမ်း ယူမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်စစ်ပွဲ တွေနဲ့ စစ်အာဏာရှင်တွေ ရဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စ ရပ်တွေ လျစ်လျူရှုထားတဲ့ ကိစ္စ ရပ်တွေကို အသေးစိတ်တင်ပြထားပါတယ်။
“ စစ်အာဏာရှင်အစိုးရဟာ ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရေး နဲ့ ပြန်လည်ကောင်းမွန်စေရေး လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရမယ့် အစား သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း နဲ့ သဘာဝသယံဇာတများကို စည်းကမ်းမဲ့ ထုတ်ယူခြင်းတို့ကိုသာ အဓိကလုပ် ဆောင်နေတယ်” လို့ စာရေးဆရာ Ashley South မနေ့ကပြုလုပ်ခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ပြောကြား ခဲ့ပါတယ်။
သို့သော်လည်း မြန်မာစစ်တပ်ဟာ နိုင်ငံကိုကောင်းစွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေထံ နယ်မြေအများအပြားဆုံးရှုံးထားတာ ကိုတွေ့ရပြီး’အောက်ခြေက အထက်သို့ ပြောင်းလဲလာနေတဲ့ ဖက်ဒရယ်မြန်မာနိုင်ငံစနစ်သစ်ဟာတဖြည်းဖြည်း အခြေခိုင်လာတာ တွေ့ရတယ်လို့ စာရေးဆရာ က သုံးသပ်ရေးသားပါတယ်။
အခြားသုံးသပ်ချက်တွေကတော့တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အနေနဲ့လည်း ရှိပြီးသား သဘာဝ ပတ်ဝန်းကျင် မူဝါဒတွေကို ထိန်းသိမ်းထားဖို့ နဲ့ ရာသီဥတုပြောင်းလဲခြင်း အပေါ် ကုစားနိုင်မယ့် မူဝါဒတွေကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ လိုတယ်။
သို့သော်လည်း မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီတဲ့ လက်နက်ကိုင် ပဋိပက္ခ အတွက် နိုင်ငံရေးဖြေရှင်းချက်ကို မရှာနိုင်သေးခင်မှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနဲ့ တခြားကပ်ဘေးများကို ကြုံနေရပြီး အဲဒီ အရာတွေဟာလည်းတိုင်းပြည်ကို ပြိုလဲသွားစေနိုင်တဲ့ အကြောင်းအရင်း ဖြစ်တယ်။
မြန်မာနိုင်ငံသူ ၊နိုင်ငံသားတွေဟာ စစ်အာဏာသိမ်းမှု၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဘေး နဲ့ ရာသီဥတုဖောက်ပြန်မှု စတဲ့ ဖိအားသုံးဆကို ခံစားနေရတာကြောင့် နောင်လာမယ့်ဆယ်စုနှစ်ပေါင်းများ စွာ နာလန်ထူဖို့ မလွယ်ကူနိုင်ဘူး။
ပြင်းထန်လာတဲ့ ပဋိပက္ခအကျပ်အတည်းတွေဟာ မြန်မာနိုင်ငံကို ကျဆုံးနိုင်ငံတစ်ခု ဖြစ်စေရုံမျှမက ကမ္ဘာတစ်ဝှမ်းက တခြား နိုင်ငံတွေ နဲ့ မတူညီဘဲ ကွဲထွက်နေသော နိုင်ငံတစ်နိုင်ငံ အဖြစ် တဖြည်းဖြည်း ခြင်း ရောက်ရှိလာတာကိုတွေ့မြင်နေရတယ်။
“ မြန်မာ နိုင်ငံက တောင်သူလယ်သမားတွေ ဟာ အပူချိန်မြင့်မားမှု ၊ ခန့်မှန်းမရသော မိုးရွာသွန်းခြင်းစတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုးကျိုးတွေ ကို တစတစ ပိုခံစားလာရပါပြီ ၊ လက်ရှိအချိန်မှာတော့ ဘယ်လိုအခြေအနေတွေပဲ လာလာ မြန်မာလူထုက ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြောင်း ပြသနေကြပါတယ်”လို့ စာရေးဆရာ Ashley South က စာအုပ်မိတ်ဆက်ပွဲ မှာထည့်သွင်းပြောကြားခဲ့ပါတယ်။
Connect Burma
The Tanintharyi Times
