ပလရဲစခန်းဂိတ်စစ်ကောင်စီတပ်သားတွေ အမျိုးသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီး

ပလရဲစခန်းဂိတ်စစ်ကောင်စီတပ်သားတွေ အမျိုးသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီး

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းဂိတ် စစ်ကောင်စီတပ်သားတွေ ဟာ အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရသူဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၅၀ ကျော်အရွယ် ဦးမင်းသူ ဖြစ်ပြီး အခုလ ၂၂ ရက်နေ့ မနက် ၉ နာရီက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ရှပ်ထိဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ရှပ်ထိဒဏ်ရာရပြီး ဆိုင်ကယ်လဲသွားတဲ့ ဦးမင်းသူ ကို ဂိတ်က စစ်ကောင်စီတပ်သားတွေက ရိုက်နှက် နှိပ်စက်မှုတွေ လုပ်ဆောင်ပြီးရဲစခန်းထဲကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

“ဂိတ်ရှေ့ကနေ ဆဲပြီး ဖြတ်သွားတယ်ပြောတယ်။ ဂိတ်ကနေဆိုင်ကယ်နားခိုင်းတာ မနားပေးဘဲ ဆက်မောင်းသွားတာကို စစ်တပ်ဂိတ်က ပစ်ထည့်လိုက်တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပလမြို့ရဲစခန်းထဲမှာ ပစ်သတ်ခံလိုက်ရပြီလို့ သတင်းတွေထွက်နေပေမယ့် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

အခုလ ပထမပတ်ကလည်း ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး ရဲစခန်းဂိတ်အနီးမှာရှိနေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ပလမြို့ရဲစခန်းရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပုလောမြို့နယ်(ပကဖ)နဲ့ မြိတ်ခရိုင်းအမှတ်(၁)တပ်ရင်းတို့က မကြာခဏ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတော့ မြို့နယ်ခြောက်ခုက အရပ်သား ၁၃၂ ဦးကို စစ်ကောင်စီတပ်သား တွေဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times