ရေဖြူကနေ ကလိန်အောင်ဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ လမ်းမှာတွေ့တဲ့ ဆိုင်ကယ်စျေးသည်တစ်ဦးကို စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ခဲ့

ရေဖြူကနေ ကလိန်အောင်ဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ လမ်းမှာတွေ့တဲ့ ဆိုင်ကယ်စျေးသည်တစ်ဦးကို စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ခဲ့

‌ဓာတ်ပုံ- မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာမှာကျန်ခဲ့တဲ့ကျောက်ကား။(ဒေသခံပေးပို့)

ရေဖြူမြို့ဘက်ကနေ ကလိန်အောင်မြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကျောက်တင်ကားတွေ ဒီကနေ့ မနက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ တစ်စီးထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ကျောက်တင်ကား၃စီး၊ ကားငယ် ၁စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာအုပ်စုထဲက ရေပုံးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကျောက်တင်ကားတစ်စီးထိခိုက်ပျက်စီးခဲ့ကာ ရွာချင်းဆက်နေတဲ့ ကျောက်ရှပ်ရွာအထွက်ထိ သေနတ်ငယ်တွေနဲ့ လမ်းဘေးတလျှောက်ကို ရမ်းသန်းပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဆွဲခံရတာက ရေပူစမ်းထဲကိုဝင်တဲ့လမ်းကွေ့လေးမှာ။ အနီးရောင်ကျောက်ကားတစ်စီးတော့ အဲ့လမ်းကွေ့လေးမှာ ကျန်ခဲ့တာတွေ့တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် ၂ နာရီခွဲလောက်ကတည်းက ရေဖြူမြို့ဘက်ကနေ ထွက်လာတဲ့ အဆိုပါ ယာဉ်တန်းဟာ မိုင်းဆွဲခံရတဲ့ ရေပုံးရွာ မရောက်ခင် ဟိန်းဇဲရွာတံတားအနီးမှာ တွေ့တဲ့ ဆိုင်ကယ်နဲ့ စျေးရောင်းထွက်လာတဲ့ စျေးသည်တစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူ-ထားဝယ်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက“ဟိန်းဇဲတံတားထိပ်မှာ သွေးကွက်ကြီးတစ်ကွက်တွေ့တယ်။ ပတ်တီးလိပ်က တစ်လိပ်။” လို့ ပြောပါတယ်။

ရိုက်နှက်နှိပ်စက်ခံရတဲ့ စျေးသည်ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူး။

စျေးသည်ကို ရိုက်နှက်နှိပ်စက်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ကားလမ်းမတလျှောက် လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ကာ ကလိန်အောင်မြို့ဘက်ကို ဦးတည်ထွက်လာချိန်မှာ မိုင်းဆွဲခံရတာပါ။

မိုင်းဆွဲခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်မှုအခြေအနေကို မသိရသေးသလို၊ မိုင်းဆွဲတိုက်ခိုက်မှုကိုလည်း ဘယ်အဖွဲက လုပ်ဆောင်ခဲ့တယ်ဆိုတာကို တစ်စုံတစ်ရာ ထုတ်ပြန်အသိပေးထားတာမျိုး မရှိသေးပါဘူး။

ပစ်ခတ်မှုတွေကြောင့် ခရီးသွားကားတွေ ရေပုံးရွာနဲ့ဟိန်းဇဲရွာတွေဘက်မှာ ဒီကနေ့မနက်ပိုင်းက မိနစ်အနည်းငယ် ပိတ်မိခဲ့တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

အခုလ ၂၀ ရက်နေ့ညနဲ့ ၂၁ ရက်နေ့ အရုဏ်တက်ချိန်တွေမှာလည်း ကလိန်အောင်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ခမရ(၄၀၈)တပ်ရင်းပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြတယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်၊ ကလိန်‌အောင်မြို့အနီးတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေးထိတွေ့ပစ်ခတ်မှုဖြစ်နိုင်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဒေသတွင်းတော်လှန်‌ရေးအင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times