ထားဝယ်အရှေ့တောဒေသက တောင်သုံးလုံးရွာကို စစ်ကောင်စီဗုံးကြဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံး

ထားဝယ်အရှေ့တောဒေသက တောင်သုံးလုံးရွာကို စစ်ကောင်စီဗုံးကြဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံး

ပုံစာ - တောင်သုံးလုံးရွာထဲလမ်းတစ်နေရာ (ပုံဟောင်း)

ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ မြိတ်မြို့လေတပ်ကလာတဲ့ K-8W အမျိုးအစားဂျက်ဖိုက်တာတစ်စီးက တောင်သုံးလုံးရွာလယ်နဲ့ အထက ကျောင်းအနီးကို ဗုံးနှစ်လုံးကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ချခဲ့တာပါ။

အဲဒီလိုဗုံးကြဲပြီးပစ်ခတ်မှုကြောင့် တောင်သုံးလုံးရွာအလယ်ပိုင်း ဟိန္ဒားရွာဘက်ကိုသွားတဲ့ တံတားအနီးက အသက် ၃၀ ဝန်းကျင်အရွယ် ကိုအီစာဆိုတဲ့အမျိုးသားတစ်ဦး နောက်ကျောဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့နဲ့ဆို အနီးကပ်ပဲ။ ဗုံးလောက်ပဲမဟုတ်ဘူး၊ စက်လက်နဲ့လည်း တဒိုင်းဒိုင်းပစ်ချတယ်။ သေတဲ့သူလည်း စက်လက်ထိတာလား ဗုံးစထိတာလား သေချာမသိသေးဘူး” လို့ တောင်သုံးလုံးရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တောင်သုံးလုံးရွာဟာ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စည်ကားတဲ့ရွာြဖစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း နှစ်ဖက်တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာလုံးကျွတ်စစ်ရှောင်ခဲ့ရပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ဒေသခံတစ်ဝက်လောက်က ပြန်လည်နေထိုင်နေကြတာဖြစ်ပါတယ်။

တောင်သုံးလုံးရွာနဲ့ ကပ်ရက်ဖြစ်တဲ့ ကျောက်မဲတောင်ရွာမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ကျောက်မဲတောင်နယ်မြေရဲစခန်းရှိပြီး အဲဒီရဲစခန်းတစ်ဝိုက်မှာ ဒီနေ့မနက်ပိုင်းကတည်းက KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမဲ့ မေတ္တာမြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာစခန်းကလည်း တောင်သုံလုံးနဲ့ ကျောက်မဲတောင်ရွာတွေဘက်ကို ဒီနေ့မွန်းလွဲပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျောက်မဲတောင်နဲ့ တောင်သုံးလုံးကျေးရွာတွေက ဒေသခံတွေကတော့ ဒီနေ့မနက်ပိုင်းအခြေအနေကြောင့် ပစ္စည်းတွေသယ်ယူပြီး ကား၊ ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်နေကြတယ်လို့ ကာယကံရှင်တွေက ဆိုပါတယ်။

“တချို့လည်းရွာထဲမှာကျန်သေးတယ်။ ဒါပေမဲ့ အခုပုံစံကတော့ ဆက်နေလို့အဆင်မပြေလောက်တော့ဘူး” လို့ တိမ်းရှောင်လာတဲ့ တောင်သုံးလုံးရွာခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

အလားတူအရှေ့တောဒေသက မေတ္တာမြို့နဲ့ ထီးခီးနယ်စပ်ဒေသတို့မှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးတင်းမာနေပြီး လေကြောင်းကဗုံးကြဲတာတွေကြာင့် အနည်းဆုံးဒေသခံ နှစ်ထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ ‌ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

အခုလက်ရှိမှာလည်း ထားဝယ်-ထီးခီးလမ်းတစ်လျှောက်က ဝကုန်းရွာ၊ ဝဇွမ်းချောင်းရွာလမ်းခွဲနဲ့ ကျောက်မဲတောင်တစ်ဝိုက်တို့မှာ တော်လှန်ရေးတပ်တွေဘက်က ကားလမ်းသွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထီးခီးနယ်စပ်အနီးက ထီးထဗျူဟာ စခန်းကို အခုလ ၁၉ ရက်နေ့မှာ တော်လှန်‌ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးလှုပ်ရှားမှုအရှိန်မြင့်လာပြီး စစ်ကောင်စီဘက်ကလည်း စခန်းတချို့ကို ရဟတ်ယာဥ်နဲ့ လူနဲ့ လက်နက် အင်အားဖြည့်‌‌နေပါတယ်။

The Tanintharyi Times