ပလစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ ခရီးသွားပြည်သူနှစ်ဦးကို ကားပေါ်ကနေ ဆွဲချသတ်ဖြတ်

ပလစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ ခရီးသွားပြည်သူနှစ်ဦးကို ကားပေါ်ကနေ ဆွဲချသတ်ဖြတ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ခရီးသည်တင်ကားပေါ်က ခရီးသည်နှစ်ဦးကို ဆွဲချပြီး သတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီခွဲအချိန်ခန့်က ပုလောမြို့နယ်၊ ပလမြို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပြုလုပ်ခဲ့တာလို့ ‌ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူတွေဟာ ကြဲရွာဒေသခံတွေဖြစ်တဲ့ အသက် ‌၄၀ကျော်အရွယ် ဇနီးမောင်နှံဖြစ်တယ်လို့ သိရပါတယ်။

“ပုလောဘက်ကနေ အံစာတုံးကားနဲ့လာတာ။ ပလစစ်ဆေးရေးဂိတ်မှာ ကားပေါ်က ဆွဲချခံရပြီးသတ်ခံရတာ။ အလောင်းလည်း ပြန်မပေး‌တော့ဘူးကြားတယ်။” လို့ ပလ‌ဒေသခံတစ်ဦး‌ကပြောပါတယ်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာကို မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့သတင်းပြန်ကြားရေးတာဝန်ခံကလည်း အတည်ပြုပြောဆိုပါတယ်။

ပုလောမြို့နယ်ထဲမှာ ရွာသားတွေကို နေအိမ်မှာဝင်ဖမ်းတာ၊ လမ်းသွားလမ်းလာတွေဆီကနေ ဆိုင်ကယ်တွေကို လုယူဖမ်းဆီးတာ၊ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက မသင်္ကာရင် မသင်္ကာသလို ပစ်ခတ်မှုတွေရှိနေပေမဲ့ ခရီးသွားကားပေါ်ကနေ ဆွဲချပြီး အကြမ်းဖက်သတ်ဖြတ်ဝာာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တစ်ညတည်းမှာပဲ ပုလောမြို့နယ်၊ ပုလောကုန်းရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပုလောကုန်းကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပုလောမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ထိတွေ့မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ပြည်သူတွေအနေနဲ့ မလိုအပ်ရင် ခရီးမသွားကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။

The Tanintharyi Times