မျှော်လင့်ချက်ကို ပြန်လည်ဖမ်းဆုပ်ခြင်း

မျှော်လင့်ချက်ကို ပြန်လည်ဖမ်းဆုပ်ခြင်း

Photo - Google

ဘဝနဲ့ရင်းပြီး ထားခဲ့ရတဲ့ မျှော်လင့်ချက်တွေ လုံးဝအစရှာမရအောင် အငွေ့ပျံပျောက်ကွယ်သွားရတဲ့ အဖြစ်မျိုး။ တချို့တွေက မိသားစု တကွဲတပြား ဖြစ်တယ်။ တချို့တွေက ပညာဆက်သင်ဖို့ စွန့်လွှတ်လိုက်ရတယ်။ တချို့တွေက လွတ်လပ်မှုတွေ အဆုံးရှုံးခံလိုက်ရတယ်။ တချို့တွေက ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတယ်။ တချို့တွေက အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးသွားကြတယ်။ တချို့တွေကတော့ ဘဝနဲ့ရင်းထားတဲ့ မျှော်လင့်ချက်တွေတောင်မကဘူး။ အသက်ကိုပါ စွန့်လွှတ်လိုက်ကြရတဲ့အထိပါပဲ။ ဒီလို အသက်ကို စွန့်သွားရတဲ့ သူရဲကောင်းတွေထက်စာရင် ကိုယ့်ရဲ့ မျှော်လင့်ချက် စွန့်လွှတ်လိုက်ရတာက ပမွှားလို့ပဲ နှလုံးသွင်းပါတယ်။

ဒါပေမယ့် ဘယ်လိုနှလုံးသွင်းသွင်း စိတ်တွေစုစည်းလို့မရဘဲ ဒီအိပ်မက်ဆိုးကြီး ဘယ်လောက်အထိ ရှည်ကြာနေဦးမှာပါလိမ့်လို့ ထပ်ခါတလဲလဲ တွေးနေမိတော့တာပါပဲ။ စစ်တပ်အာဏာသိမ်းလိုက်ပြီလို့ ကြားကြားချင်း စိတ်ထဲမှာ “ပညာရေးစနစ်ကတော့ ငါငယ်ငယ်တုန်းကအတိုင်း ပျက်စီးသွားတော့မှာပဲ” လို့ စိုးရိမ်တကြီး ဖြစ်သွားမိတယ်။ ကျောင်းပညာရေး ပျက်စီးရုံတင်မကဘူး။ ကိုယ်တိုင်ရှာပညာရေးမှာလည်း အနှောင့်အယှက် အတားအဆီးတွေနဲ့ ကြုံရတော့မှာပဲလို့လည်း တွေးမိသွားတယ်။

ကိုယ်ကိုယ်တိုင်က သက်လတ်ပိုင်းအရွယ် ဖြစ်တာမို့ ကျောင်းပညာရေးမှာ မသင်ကြားဖြစ်တော့ပေမယ့် ကိုယ်တိုင်ရှာ ပညာရေးမှာတော့ ဆက်လက်လေ့လာနိုင်သလောက် လေ့လာနေသူတယောက်ပါ။ ဖရိုဖရဲ ဖြစ်သွားတဲ့ အနေအထားအောက်မှာ ဘာကိုမှ ဆက်ပြီးလေ့လာလိုစိတ် မရှိတော့ဘဲနဲ့ စိတ်ဟာလည်း တစစီပြန့်ကျဲပြီး ဖရိုဖရဲ ဖြစ်သွားတော့တယ်။

ကျွန်မက စာဖတ်တာ ဝါသနာပါသူမို့ အထက်တန်းကျောင်းသူဘဝကတည်းက စာရေးဆရာတွေ ရေးသလို စာရေးတတ်ချင်ခဲ့တယ်။ တချိန်ချိန်မှာတော့ ပုံနှိပ်စာလုံးနဲ့ ဖော်ပြခံရတဲ့ စာလေးတပုဒ်လောက် ရေးဖြစ်ခဲ့ရင် ဘဝမှာ အပျော်ဆုံးဖြစ်မှာပဲလို့လည်း အမြဲတမ်းတွေးနေတတ်တယ်။ တယောက်ယောက်က ဘာလုပ်ချင်သလဲလို့မေးရင် ဘာမှပြန်မပြောဘဲ အသာလေးပြုံးပြီး ခေါင်းခါပြလိုက်တယ်။ စိတ်ထဲမှာတော့ စာရေးတတ်ချင်တယ်လို့ မဝံ့မရဲ ပြောနေတတ်တယ်။

ဒီလိုနဲ့ အနှစ်နှစ်ဆယ်လောက် မက်ခဲ့ရတဲ့ အိပ်မက်ခရီးရှည်ကြီးဟာ ၂၀၂၀ လောက်မှာ ပိုပြီး ရုပ်လုံးကြွလာခဲ့တယ်။ ဆောင်းပါးတွေ၊ အက်ဆေးတွေ ခပ်စိပ်စိပ် ရေးလာနိုင်ခဲ့တယ်။ ဒီလိုစာလေး နည်းနည်းရေးနိုင်ဖို့ လေ့လာရတာ၊ ဖတ်ရှုရတာတွေလည်း ပိုများလာခဲ့တယ်။ ကိုယ်တိုင်ရှာပညာရေးမှာ ငယ်ငယ်က အိပ်မက်ကို လှမ်းဆုပ်ကိုင်ရင်း မျှော်လင့်ချက်ကြီးစွာနဲ့ ဆက်လက် သင်ယူလေ့လာနေဖို့ကို စိတ်အားထက်သန်နေခဲ့တယ်။ ကိုဗစ်ကာလ အကျပ်အတည်းမျိုးမှာတောင် ဂျာနယ်၊ သတင်းစာအများစုက ပုံမှန်ဆက်ထုတ်နိုင်ခဲ့တာမို့ ၂၀၂၁ မှာ ဒီထက်ပိုများများ ရေးနိုင်အောင်ကြိုးစားမယ်လို့ တွေးရင်း စာတွေလည်း ပိုဖတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး လပိုင်းအတွင်းမှာ ဂျာနယ်၊ သတင်းစာတွေ ရပ်နား ပိတ်သိမ်းလိုက်ကြတာ တဖြုတ်ဖြုတ်ပါပဲ။

ဒီလိုနဲ့ပဲ မျှော်လင့်ချက်ကြီးစွာနဲ့ နှစ်ရှည်လများထားခဲ့ရတဲ့ အိပ်မက်အစိုင်အခဲတခုဟာ ကိုယ့်ရှေ့မှာ အငွေ့ပျံပျောက်ကွယ်သွားခဲ့ရတယ်။ ဘဝပျက်သွားရသူတွေ၊ အသက်ပေးလိုက်ရသူတွေနဲ့စာရင် ဘာမှ စာဖွဲ့လောက်စရာမရှိပေမယ့် ကိုယ့်ညတွေနဲ့ကိုယ်တော့ အိပ်မက်ဆိုးတွေက ခြောက်လှန့်နေတာပါပဲ။ ပိုဆိုးတာက တော်လှန်ရေးကာလမှာ လက်နက်ကိုင်တော်လှန်ကြတဲ့ လူငယ်တွေကိုကြည့်ပြီး သူတို့ကို အားကျလေးစားတာနဲ့အတူ လိပ်ပြာမလုံတာ၊ ရှက်တာ စတဲ့ ခံစားချက်ပေါင်းစုံနဲ့ “ငါဘာမှ အသုံးမကျဘူး” ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်စွပ်စွဲမိတဲ့ အတွေးတွေ ခဏခဏ တွေးလာမိတော့တာပါပဲ။

ဒါပေမယ့် ကျွန်မခံစားနေရတာတွေကို တခြားသူတွေ မသိအောင် ကြိတ်မှိတ်မြိုသိပ်ထားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဆိုးကျိုးကို ကျွန်မထက် ပိုခံလိုက်ရတဲ့ သူတွေ အများကြီးမဟုတ်လား။ အသိထဲက တစ်ယောက်ဆို သူက သူ့ဘဝမှာ သတင်းထောက်ကလွဲရင် ဘာမှ မဖြစ်ချင်ဘူးလို့ ကြွေးကြော်ပြီး ဟံသာဝတီ ဦးဝင်းတင်တို့လို သတင်းစာဆရာတွေကို အားကျကိုးကွယ်ခဲ့တဲ့သူ။ ဒါ့ကြောင့် ဘာအဆက်အသွယ်၊ ဘာအထောက်အပံ့မှ မရှိဘဲနဲ့ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်း ဂုဏ်သိက္ခာလည်းရှိတဲ့ မီဒီယာတစ်ခုမှာ သူချစ်တဲ့ တန်ဖိုးထားတဲ့ သတင်းစာ ဆရာအလုပ်ကို လုပ်နိုင်ခဲ့တယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး မကြာမတင်မှာပဲ သူအလုပ်လုပ်နေတဲ့ သတင်းဌာနအပါအဝင် သတင်းဌာနအတော်များများဟာ ဆက်လက်မလုပ်နိုင်တော့ပဲ လုံးဝပိတ်ပစ်လိုက်ရပါတယ်။ တချို့ကလည်း ပြည်ပမှာ အခြေစိုက်ကြရတယ်။ အဲဒီအခြေအနေက သူ့ရဲ့မျှော်လင့်ချက်ကောင်းကင်အောက် အတောင်တကြွကြွ ပျံသန်းခွင့်ရတဲ့ အချိန်မှာ အတောင်ပံတွေ အရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားတယ် ထင်ပါရဲ့။ အရင်တုန်းက စိတ်မာသူ၊ အဆိုးတွေနဲ့ ဘယ်လိုကြုံကြုံ ဟာသလုပ်ပစ်လိုက်တတ်သူက မိသားစုက စကားကတောက်ကဆ ဖြစ်တာလေးကနေ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ဖြစ်သွားတဲ့အထိပါပဲ။ ကံကောင်းလို့ အသက်အန္တရာယ် မထိခိုက်လိုက်ပေမယ့် သူ့စိတ်ဒဏ်ရာဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတာ ခန့်မှန်းကြည့်လို့တောင် မရတော့ပါဘူး။

စာဖတ်ဝါသနာပါလှသလို ရုပ်ရှင်တွေလည်း ကြည့်လွန်းလှတဲ့သူဟာ စာလည်း မဖတ်တော့သလို၊ ရုပ်ရှင်လည်း မကြည့်တော့ပါဘူး။ တော်လှန်ရေးထဲမှာ တဖြုတ်ဖြုတ်ကြွေသွားတဲ့ ကြယ်လေးတွေကို ကြည့်ရင်း သူ့ကိုယ်သူ အပြစ်တင်တာ မုန်းတီးတာတွေပဲ တချိန်လုံး ဖြစ်နေတော့တယ်။ သူ့ကိုယ်သူလည်း မုန်းတီး၊ တခြားသူတွေကိုလည်း မုန်းတီးရင်းနဲ့ပဲ သူ့မှာ အမုန်းတွေနဲ့ တဝဲလည်လည် ဖြစ်နေပါတော့တယ်။ သူ့လို ခံစားချက်မျိုးနဲ့ ရှင်သန်နေရတဲ့ လူငယ်တွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်လို့ ကျွန်မတွေးမိပါတယ်။ လုပ်နိုင်တဲ့ အရာမှန်သမျှကို ကြိုးစားလုပ်နေပေမယ့် ကိုယ့်ကိုယ်ကို အားမရစိတ်ဟာ တနေ့တခြား ပိုဆိုးလာခဲ့တယ်။ သတ်နေသေနေကြတဲ့ သတင်းတွေ တွေ့မြင်လာရလေလေ ကိုယ့်ကိုယ်ကို အားမရစိတ်တွေ များလာလေလေ။

ဒါပေမယ့် ယုံကြည်ရတဲ့ ကရင်နီက တော်လှန်ရေးရဲဘော်တစ်ယောက် တင်ထားတဲ့ ပို့စ်တခုမှာ စဉ်းစားဆင်ခြင်စရာတွေ များလှပါတယ်။ သူတို့ပြည်နယ်က လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ နေရာမှာ လူအင်အားများနေပြီး လိုအပ်တဲ့ လက်နက်ကိရိယာတွေ နည်းနေပါတယ်တဲ့။ ရဲဘော်တွေအတွက် လိုအပ်တဲ့ အဝတ်အစား အသုံးအဆောင်၊ အစားအသောက် စတဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနေရတာနဲ့တင် လက်နက်ဝယ်ယူစုဆောင်းတဲ့ဘက်မှာ ငွေပမာဏ လျော့သွားတယ်လို့ သူကဆိုပါတယ်။
လူကသောင်းချီရှိနေရမယ့်အစား လူသုံးထောင်လောက်နဲ့ လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ပေးနိုင်မယ်ဆိုရင် သူတို့ပြည်နယ်မှာ သူတို့အနိုင်ဘက်ကနေ ကစားလို့ရတယ်တဲ့။ ဒါလည်း အလေးအနက် စဉ်းစားရမယ့်အရာပဲ ဖြစ်ပါတယ်။ ဘောလုံးကစားသလိုပါပဲ လူတိုင်းဟာ ရှေ့တန်းတိုက်စစ်မှူး အဖြစ်နေလို့မရဘူး။ ကိုယ့်ကျရာ အခန်းကဏ္ဍမှာ တာဝန်ကျေအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်။

မတရားမှုကို တွန်းလှန်လိုစိတ် အပြည့်အဝရှိရမှာ မှန်ပေမယ့် ဘယ်လိုနေရာမှာဖြစ်ဖြစ် မတရားတာကို ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့တာဝန်ယူ တွန်းလှန်နေတယ်ဆိုရင် တာဝန်သိတတ်တဲ့၊ တာဝန်ကျေတဲ့လူတယောက်အဖြစ် သတ်မှတ်လို့ ရနိုင်မယ်ထင်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ သူတွေဟာ တကယ့်ကိုကြီးမြတ်တဲ့ အာဇာနည်သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုရမှာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းကိုမရောက်ဖြစ်ဘဲ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ မတရားမှုကို တွန်းလှန်နေတဲ့သူတွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ ရှေ့တန်းမှာ တိုက်ပွဲမဝင်ရလို့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့ ဘာကိုမှ ဆက်လက်လေ့လာသင်ယူနိုင်စွမ်း မရှိတော့တဲ့ ဘဝမျိုးတော့ အရောက်မခံသင့်ဘူး ထင်ပါတယ်။ ဒီလို လေးစားအားကျရတဲ့ ကရင်နီမိတ်ဆွေရဲ့စာကို ဖတ်ပြီး ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေတဲ့ စိတ်တွေကို သိမ်းဆည်းလိုက်ပါတယ်။ လုပ်နိုင်တာကိုလုပ်ရင်း ကိုယ်တိုင်ရှာပညာရေးမှာ ဆက်လက်လေ့လာနိုင်ဖို့လည်း ကြိုးစားမိပါတယ်။ ပြန့်ကျဲနေတဲ့စိတ်တွေကို စုစည်းပြီး အရင်ကလို စာတွေပြန်ဖတ်ဖြစ်ဖို့ အားစိုက်ကြည့်ပါတယ်။ စိတ်မချမ်းသာစရာ သတင်းတွေကြားမှာ ဒီလိုလုပ်တာဟာ တရားမှတရားရဲ့လားလို့ ခဏခဏ တွေးမိပေမယ့် ဘာမှမလုပ်ဘဲ စိတ်ဆိုးမုန်းတီးနေတာမျိုးက အကျိုးမရှိနိုင်ဘူး မဟုတ်လား။

ဒါ့ကြောင့် လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရင်း၊ ထောက်ပံ့ကူညီသင့်တာကို ထောက်ပံ့ကူညီရင်း၊ မိမိကိုယ်တိုင်ရဲ့ ဦးနှောက်နဲ့နှလုံးသား ဖွံံ့ဖြိုးဖို့အတွက် သင်ယူလေ့လာစရာရှိတာတွေကိုလည်း အခက်အခဲတွေကြားက ကြိုးစားလေ့လာသင်ယူနေသင့်ပါတယ်။

ဒီနေရာမှာ စာရေးသူ “ကိုပီတိ” ရေးသားတဲ့ “လွတ်လပ်သော သင်ယူခြင်း” စာအုပ်ထဲက စာသားလေးတစ်ပိုဒ်ကို မျှဝေချင်ပါတယ်။

“စာသင်ကျောင်း မနေခဲ့ရလို့၊ စာသင်ကျောင်းမှာ အတန်းပညာပြီးဆုံးအောင် မသင်ခဲ့ရလို့၊ ဆင်းရဲလို့၊ စစ်ဘေးသင့်လို့၊ မကျန်းမမာဖြစ်နေလို့ စတဲ့အခြေအနေအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသူများကို အားပေးချင်တာက ပညာသင်ယူခွင့်ဆိုတာ မိမိကိုယ်တိုင်က မရပ်သရွေ့ ဘယ်တော့မှ လက်လွတ်ဆုံးရှုံးသွားစရာ မရှိဘူးဆိုတာပါပဲ”

ဒီစကားလေးဟာ မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ ကျွန်မအတွက် စိတ်ခွန်အား ပြန်ပြည့်စေတဲ့ ဆေးတစ်ခွက် ဖြစ်ခဲ့ရပါတယ်။ ကျွန်မလို ကိုယ်ကိုယ်ကို အပြစ်တင်ရင်း အားမလိုအားမရဖြစ်နေရသူတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ ပျောက်ဆုံးသွားရတဲ့ သူတွေလည်း နောက်တန်းမှာ ထောက်ပံ့နိုင်တာကို ကူညီထောက်ပံ့ရင်း ကိုယ်တိုင်ရှာ ပညာရေးကိုလည်း ဆက်လက်လေ့လာသင်ယူဖို့ အားယူစေချင်ပါတယ်။ ဒါမှလည်း တိုင်းပြည်တည်ဆောက်ချိန်မှာ ဉာဏ်ပညာအားနဲ့ အတူလက်တွဲပြီး လုပ်ဆောင်နိုင်ကြမှာ မဟုတ်ပါလား။ ။

ငြိမ်းပန်