မြိတ်အကျဥ်းထောင်က ထောင်ဝန်ထမ်းတချို့ အကျဥ်းသားတွေဆီက ငွေညှစ်‌

မြိတ်အကျဥ်းထောင်က ထောင်ဝန်ထမ်းတချို့ အကျဥ်းသားတွေဆီက ငွေညှစ်‌

ပုံစာ - မြိတ်အကျဉ်းထောင် (ပုံဟောင်း)

မြိတ်အကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက အကျဥ်းသားတွေဆီကနေ ငွေညှစ်တာတွေရှိနေတယ်လို့ အကျဥ်းသားဟောင်းတွေနဲ့ မြိတ်အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြိတ်အကျဥ်းထောင်မှာ အမျိုးသားဆောင် ၅ ဆောင်၊ အမျိုးသမီးဆောင် ၁ ဆောင်ရှိပြီး အမျိုးသားအဆောင် (၂) ရဲ့ အဆောင်မှူးကနေ အကျဥ်းသားတွေကို ငွေညှစ်တာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားအဆောင် (၂) ရဲ့ အဆောင်မှူးဟာ မြိတ်အကျဥ်းထောင်က လက်ထောက်ကြီးကြပ်ရေးမှူး-၁ ရာထူးရှိတဲ့ ဦးသီဟထွန်းဖြစ်တယ်လို့ အကျဥ်းသားဟောင်းတွေနဲ့ ထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အဆောင်မှူးဦးသီဟထွန်းကနေ အကျဥ်းသားတွေကို ဥပဒေပြစ်မှုပုဒ်မတွေ အလွတ်ရွတ်ခိုင်းတာ၊ မရွတ်နိုင်ရင် ပိုက်ဆံ ၅,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်အထိ တောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီအဆောင်မှူးဟာ သူတာဝန်ကျရာအဆောင် (၂) ကနေ သူ့အတွက် ထမင်းစရိတ်အနေနဲ့ တစ်လကို ၁၅၀,၀၀၀ ကျပ် သီးသန့်ထပ်တောင်းတာလည်းရှိတယ်လို့ အကျဥ်းသားဟောင်းတွေက ပြောပါတယ်။

“ အဆောင်မှူးက အမျိုးမျိုးငွေညှစ်တာဗျ။ သူ့အတွက်ဟင်းဖိုးဆိုပြီး ကျနော်တို့ထောင်သားတွေဆီက ထပ်တောင်းတာ။ ပြီးတော့ သူမကြည်ရင် တွေ့တဲ့သူ ပုဒ်မရွတ်ခိုင်းတယ်။ မရရင် ပိုက်ဆံတောင်းတယ်” လို့ မြိတ်အကျဥ်းထောင်မှာ ထောင်ကျခဲ့တဲ့ အကျဥ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကလည်း မြိတ်အကျဥ်းထောင်က အကျဥ်းဦးစီးဝန်ထမ်းအမျိုးသားတစ်ဦးဟာ အကျဥ်းသားမိသားစုဝင်တွေကိုဆက်သွယ်ပြီး အကျဥ်းသားတွေက ပိုက်ဆံတောင်းခိုင်းတယ်လို့ဆိုကာ ငွေကြေးလိမ်လည်မှုတွေရှိနေတယ်လို့ အခုလ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထဲမှာ ငွေလိမ်တောင်းတဲ့ ဖြစ်စဥ် ၃ ခုလောက်ရှိခဲ့တယ်လို့ PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

မြိတ်အကျဥ်းထောင်မှာ အခုလိုမျိုး အကျဥ်းသားတွေဆီက ငွေညှစ်တာ၊ အကျဥ်းသားမိသားစုဝင်တွေဆီက ငွေလိမ်တောင်းတာတွေအပြင် ထောင်အာဏာပိုင်တွေက အကျဥ်းသားတွေဆီမှာ လစဥ်ကောက်ခံနေတဲ့ ငွေပမာဏကိုလည်း တိုးမြှင့်ကောက်ခံနေတယ်လို့ သိရပါတယ်။

အကျဥ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက တန်းစီး(အကျဥ်းခန်းခေါင်းဆောင်) တွေကို အကျဥ်းသားတွေဆီကနေ အခန်းကူငွေလို့ဆိုပြီး လစဥ်ပိုက်ဆံကောက်ခိုင်းတာမျိုးရှိတယ်လို့ အကျဥ်းသားဟောင်းတွေက ဆိုပါတယ်။

မြိတ်အကျဥ်းထောင်မှာ အရင်က အခန်းကူငွေအနေနဲ့ အကျဥ်းသားတစ်ယောက်ကို ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ကြား ကောက်ခံခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ အကျဥ်းသားတစ်ယောက်ကို အနည်းဆုံး ၆,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံလာတာဖြစ်တယ်လို့ သိရပါတယ်။

“ ဘိတ်ထောင်မှာက အများစု အခန်းကူငွေထည့်ကြတာများတယ်။ ထည့်တဲ့ အနည်းအများ ပေါ်မူတည်ပြီး နေရာကောင်းကောင်းနေရတာ၊ အလုပ်လုပ်ရ သက်သာတာတွေ ကွာသွားတယ်။ အခုက အဲ့အခန်းကူငွေကို ပမာဏတိုးကောက်လာတာဗျ” လို့ လက်ရှိ မြိတ်အကျဥ်းထောင်မှာ အကျဥ်းကျနေသူရဲ့ မိသားစုဝင်က ပြောပါတယ်။

မြိတ်အကျဥ်းထောင်မှာ အကျဥ်းသား၊ အကျဥ်းသူ ဦးရေစုစုပေါင်း ၁၇၀၀ ဝန်းကျင်ရှိပြီး ငွေကြေးမတတ်နိုင်တဲ့ အကျဥ်းသားအနည်းစုကလွဲလို့ ကျန်သူတွေ လစဥ် အခန်းကူငွေ ထည့်ကြတယ်လို့ မြိတ်အကျဥ်းသားဟောင်းတွေက ဆိုပါတယ်။

အကျဥ်းသားတွေဆီက ကောက်ခံတဲ့ အခန်းကူငွေထဲကနေ လျှပ်စစ်မီတာခ၊ ရေခ၊ ထောင်ဝေယျာဝစ္စအတွက် အသုံးပြုသလို ထောင်အာဏာပိုင်တွေကိုလည်း ငွေပေးရတာတွေရှိတယ်လို့ သိရပါတယ်။

အခန်းကူငွေတိုးကောက်လာပေမဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လလောက်ကစလို့ အကျဥ်းသားတွေကို လျှပ်စစ်မီးပေးတဲ့အချိန် လျှော့ချလိုက်တယ်လို့ အကျဥ်းသားဟောင်းတွေနဲ့ လက်ရှိအကျဥ်းကျနေသူတွေရဲ့ နီးစပ်သူတွေက ပြောပါတယ်။

အရင်က မြိတ်အကျဥ်းထောင်က အကျဥ်းသားတွေနေထိုင်ရတဲ့ အဆောင်တွေကို တစ်နေကုန်လျှပ်စစ်မီးပေးလေ့ရှိပေမဲ့ လက်ရှိအချိန်မှာတော့ ညနေ ၅ နာရီကနေ မနက် ၆ နာရီအထိသာ လျှပ်စစ်မီးပေးတော့တာဖြစ်ပြီး ပန်ကာအသုံးပြုခွင့်ကိုလည်း ည ၈ နာရီကနေ ၁၂ နာရီအထိသာ ခွင့်ပြုတော့တယ်လို့ သိရပါတယ်။

The Tanintharyi Times