စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးသွားတဲ့ ပုလောက ရေချိုရွာသား ၄ ဦး၊ သုံးရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်မရ

စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးသွားတဲ့ ပုလောက ရေချိုရွာသား ၄ ဦး၊ သုံးရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်မရ

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုထဲက ရေချိုရွာက ဒေသခံ အမျိုးသား ၄ ဦးကို အခုလ ၂၀ ရက်နေ့က စစ်တပ်ကဖမ်းဆီးသွားပြီးနောက် မိသားစုတွေနဲ့ ဒီကနေ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အမျိုးသားတွေချည်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ၂၀ ဝန်းကျင် ၂ ဦး၊ ၂၈ နှစ်ဝန်းကျင်နဲ့ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး စစ်တပ်က ရွာထဲစစ်ကြောင်းထိုးစဥ် ထိပ်တိုက်တိုးလို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အမျိုးသားကတော့ ခြံထဲရာဘာခြစ်နေစဥ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နေရာမှာတင် ရိုက်နှက်ထိုးကြိတ်ကာ လက်ပြန်ကြိုးတုပ်အနေအထားနဲ့ စစ်တပ်က ဖမ်းခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

“သူတို့က စစ်ကြောင်းဝင်နေမှန်းမသိဘူး။ သူ့ကိုစစ်တပ်က ဝိုင်းရိုက်တော့မှ အနီးအနားကို သူ့မိသားစုတွေရောက်လာပြီး အကုန်ရှိုက်ကြီးတငင်ငိုယိုတောင်းပန်ကြ။ အကုန်လုံးက တောသူတောင်သားတွေ။ စစ်တပ်က စစ်မေးလဲ သူတို့ရေရေလည်လည် ပြန်မဖြေနိုင်ကြဘူး။ ဒါနဲ့ပဲဖမ်းခေါ်သွားတာ။ ဘယ်ကိုခေါ်သွားမှန်းလဲဘယ်သူမှမသိကြဘူ ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကျန်တဲ့အမျိုးသား ၃ ဦးကတော့ အမျိုးတစ်ယောက်ရဲ့ နာရေးဆွမ်းကျွေးအလှူလုပ်နေစဥ် စစ်ကြောင်းဝင်တယ်လို့ ကြားတဲ့အတွက် ရေချိုရွာကနေ ဖော့ရွာဘက်ကိုထွက်ပြေးချိန် စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံခဲ့ရတာပါ။

“လမ်းမှာ အနားယူပြီး သစ်ပင်အောက်မှာထိုင်နေတဲ့ စစ်သားတွေနဲ့ တန်းတိုးတာ။ အဲမှာ သူတို့စီးလာတဲ့ ဆိုင်ကယ်ဘောက်ကို ဖွင့်စစ်ခံရတယ်။ ပြီးတာနဲ့ ဆိုင်ကယ်ထဲ ပြောက်ကျား အင်္ကျီတွေ့လို့ဆိုပြီး ခေါင်းကို အိပ်အမည်းတွေနဲ့စွပ်ပြီး ဖမ်းသွားတာပဲ။ တကယ်တော့ အဲဒီပြောက်ကျားအင်္ကျီက ဟိုး‌ရှေးရှေးခေတ်က ပွဲစျေးတန်းမှာ ဝယ်ထားတဲ့ အင်္ကျီတွေ။ သူတို့စီးသွားတဲ့ ဆိုင်ကယ်လည်း ဘယ်ယူသွားမန်းမသိရဘူး” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖော်ပြပါအမျိုးသား ၃ ဦးစလုံးဟာ ခေါင်းကို အိတ်အမည်းနဲ့စွပ်ပြီး ရေလမ်းကနေဖမ်းခေါ်သွားတာလို့ ၎င်းက ဆက်ပြောပါတယ်။

အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၃ ဦးရဲ့ နောက်ဆက်တွဲအခြေနေကို သိရဖို့အတွက် ၎င်းတို့ရဲ့မိသားစုဝင်တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပုလောရဲစခန်းကို သွားရောက်မေးမြန်းခဲ့ပေမဲ့ ဘာမှမသိခဲ့ရဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

“မနက်ကသွားတာ။ ရဲစခန်းရော အုပ်ကြီးတွေကရော မသိဘူးပဲဖြေကြတယ်။ စစ်တပ်တော့ မသွားရဲလို့ လက်လှမ်းမှီတာတွေလိုက်မေးနေရတာ။ အဲကောင်လေးတွေက တကယ့်ကို ကလေးတွေပဲရှိသေးတာ ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ရှပ်ပုံကျေးရွာအုပ်စုထဲရှိ ဖော့ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးတဲ့ အခုလ ၁၉ ရက်နေ့က စလို့ ဒီကနေ့အထိ အရပ်သား ၂၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး အချို့ပြန်လွတ်လာကာ အချို့ကတော့ ဖမ်းဝါးတန်းဘုန်းကြီးကျောင်းမှာ ဖမ်းထားပြီး အချို့ကတော့ ဘယ်နားမှာ ဖမ်းထားတယ်ဆိုတာ မသိဘူး ဖြစ်နေတယ်လို့ ‌ဒေသခံတွေက ပြောပြပါတယ်။

စစ်ကောင်စီက ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေး‌ ဒေသအဖြစ်သတ်မှတ်လိုက်တဲ့ အခုလ ၂ရက်နေ့ကစပြီး တပ်ရင်းတွေနဲ့ စစ်တပ်ကတပ်စွဲထားတဲ့ နေရာတွေဆီ တပ်သားအင်အားနဲ့ လက်နက်အင်အားဖြည့်တင်းတာတွေအင်တိုက်အားတိုက်လုပ်ဆောင်လာပြီး စစ်ကြောင်းထိုးတာတွေကို နေ့စဥ်ဆိုသလို ပြုလုပ်နေပါတယ်။

The Tanintharyi Times