ရှပ်ပုံရွာက စစ်ရှောင်တစ်ဦးကို ကျပ်သိန်း ၅၀ လက်ဝယ်တွေ့လို့ စစ်တပ်ကဖမ်းဆီး

ရှပ်ပုံရွာက စစ်ရှောင်တစ်ဦးကို ကျပ်သိန်း ၅၀ လက်ဝယ်တွေ့လို့ စစ်တပ်ကဖမ်းဆီး

ပုံစာ - ရှပ်ပုံရွာက စစ်ရှောင်နေကြသူတွေ

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာက ဆီတောင်ဘုန်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အရပ်သား တစ်ဦးကို ကျပ် သိန်း ၅၀ လက်ဝယ်ထားရှိလို့ဆိုပြီး စစ်တပ်က အခုလ ၂၀ ရက်နေ့မှာ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အဖမ်းခံခဲ့ရသူတွေဟာ ရှပ်ပုံရွာသား အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အဲဒီဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာကြာပြီလို့ သိရပါတယ်။

“အိတ်တွေကိုစစ်တဲ့အချိန် ပိုက်ဆံသိန်းငါးဆယ်တွေ့တော့ စစ်ရှောင်တစ်ယောက်မှာ ဒီလောက်ပိုက်ဆံရှိနေတာ တခြားအဖွဲ့တွေကိုလှူဖို့ ဖြစ်မယ်ဆိုပြီးဖမ်းသွားတာ။ သူ့မိန်းမ အနောက်ကလိုက်သွားသေးတယ်။ ငါးထောင်တန်နှစ်အုပ်(၁၀ သိန်း)ပေးလိုက်ပြီး လူကိုတော့ပြန်မပေးလိုက်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ရှောင် အမျိုးသားနောက်တစ်ဦးကို pdf နဲ့အချိတ်ဆက်ရှိတယ် ဆိုပြီး ဖမ်းဆီးသွားတဲ့အတွက် မိသားစုဝင်တွေက နှစ် ရက်အကြာမှာ‌ ပိုက်ဆံနဲ့ပြန်သွားထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားရဲ့ ဆိုင်ကယ်နဲ့ဖုန်းကိုတော့ စစ်တပ်က သိမ်းယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ရှပ်ပုံရွာထဲ အခုလ ၁၉ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆီတောင်နဲ့ ပန်းအိုဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကို အရွယ်ရောက်ပြီး အမျိုးသား၊ အရွယ်ရောက်ပြီးအမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ ဆိုပြီး အုပ်စု ၃ စုခွဲ စစ်ဆေးချိန် အခုလို ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

“အုပ်စု ၃ စုခွဲပြီး လူကြီးတွေကိုတော့ ဖုန်းတွေ၊ အိတ်တွေ စစ်တယ်။ ကလေးတွေကိုတော့ မုန့်ကြွေးပြီး ရွာထဲမှာ pdf တွေရှိလား၊ ရွာထဲကို pdf တွေလာလားလို့ မေးတယ်။ ဘုန်းကြီးကျောင်းရှေ့မှာထားထားတဲ့ ဆိုင်ကယ်တွေကိုလည်း ပိုင်ရှင်တွေ ဘုန်းကြီးကျောင်းမှာ‌ နေ၊ မနေ လူနဲ့တိုက်စစ်တယ်။ ပိုင်ရှင်မရှိတဲ့ ဆိုင်ကယ် ၃ စီးကိုတောင် သူတို့သိမ်းသွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဖမ်းဆီးသွားတဲ့ စစ်ရှောင်ပြည်သူတွေနဲ့ဆိုင်ကယ်တွေကိုတော့ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ်ကွက်ရှိ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီး အထိုင်ချပြီး တပ်စွဲနေထိုင်နေတဲ့ ဝါးတန်းဘုန်းကြီးကျောင်းတောင်ကုန်းမှာ သိမ်းယူထားတယ်လို့ သိရပါတယ်။

ဆီတောင်ဘုန်းကြီးကျောင်းကနေ စစ်တပ်က သိမ်းယူသွားတဲ့ ဆိုင်ကယ်တွေကိုတော့ပိုင်ရှင်တွေက ပိုက်ဆံနဲ့ သွားထုတ်ခဲ့ကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ရွာထဲစစ်ကြောင်းထိုးဝင်လာခဲ့တဲ့ ပြီးခဲ့တဲ့လ ဇန်နဝါရီကစလို့ နေအိမ်မပြန်နိုင်ဘဲ နီးစပ်ရာလယ်ကွင်းတွေနဲ့ ‌ခြံတွေထဲ ရှပ်ပုံရွာသားတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်ပြေးနေရတာဟာ ၂ လခန့်ရှိပါပြီ။

ရှပ်ပုံရွာမှာ အိမ်ခြေ ၂,၅၀၀ ကျော်၊ လူဦးရေ ၁၅,၀၀၀ ကျော်ရှိပြီး ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ ဥယျာဥ်ခြံလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပါတယ်။

The Tanintharyi Times