ဗင်နီဇွဲလားက စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ ဘယ်ဆီဦးတည်နေလဲ – အပိုင်း (၂)
ဗင်နီဇွဲလားက စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ ဘယ်ဆီဦးတည်နေလဲ – အပိုင်း (၂)
■ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် ကျူးကျော်မှုတွေနဲ့ CIA ရဲ့ စစ်ဆင်ရေးများ
အမေရိကန် စီအိုင်အေဟာ လက်တင်အမေရိကမှာ လျှို့ဝှက်စစ်ဆင်ရေးများစွာ၊ အာဏာသိမ်းမှုများစွာ၊ လုပ်ကြံသတ်ဖြတ်မှုမျိုးစုံနဲ့ ဝါဒဖြန့်လှုပ်ရှားမှု အမြောက်အများကို ၁၉၄၀ ပြည့်နှစ်တွေကတည်းက လုပ်ဆောင်နေခဲ့တာပါ။ ဒီဒေသမှာ စီအိုင်အေက လမ်းဖွင့်ပေးခဲ့တဲ့ အမေရိကန်ကျူးကျော်မှု များစွာလည်း ရှိခဲ့ပါတယ်။
■ လက်တင်အမေရိကမှာ စီအိုင်အေရဲ့ သမိုင်းကြောင်းက ဘာလဲ။
လက်ရှိမှာ အမေရိကန်က ဗင်နီဇွဲလားအပေါ် ဘယ်လို ကိုင်တွယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရသေးပေမဲ့ သမိုင်းကြောင်းတလျှောက် ပြန်ခေါက်ကြည့်မယ်ဆိုရင် ကာရေဘီယံ၊ တောင်အမေရိကနဲ့ အမေရိကအလယ်ပိုင်းဒေသတွေမှာ စီအိုင်အေရဲ့ စစ်ဆင်ရေးပုံစံတွေက ရှေ့မှာဖြစ်လာနိုင်တဲ့ အလားအလာတချို့နဲ့ ပတ်သက်ပြီး သဲလွန်စရပါလိမ့်မယ်။
၁၈၀၀ ပြည့်လွန်နှစ် နောက်ပိုင်းကနေ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ အမေရိကန်အစိုးရဟာ Banana Wars လို့ ခေါ်ကြတဲ့ အမေရိကအလယ်ပိုင်းဒေသတွေကို စစ်ရေးအရဝင်ရောက်ကျူးကျော်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဒီဒေသတွေမှာ လာရောက်လုပ်ကိုင်တဲ့ အမေရိက အရင်းရှင်ကော်ပိုရိတ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ပါ။
၁၉၃၄ ခုနှစ်မှာ သမ္မတ Franklin D Roosevelt လက်ထက် “Good Neighbor Policy” (အိမ်နီးချင်းကောင်းမူဝါဒ) လို့ လူသိများတဲ့ မူဝါဒ တရပ်ရေးဆွဲခဲ့ပါတယ်။ ဒီမူဝါဒမှာ လက်တင်အမေရိကနိုင်ငံတွေကို ကျူးကျော်ခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းမပြုဖို့နဲ့ ဒီနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးဆိုတဲ့ ကတိကဝတ်တွေ ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကတိကဝတ်တွေကို အချိန်အတော်ကြာကြာ မတည်နိုင်ခဲ့သူက အမေရိကန်သာ ဖြစ်ပါတယ်။
အထူးသဖြင့် စစ်အေးကာလတလျှောက် လက်တင်အမေရိကနိုင်ငံတွေမှာ သူတို့ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်တင်မြှောက်ခံထားတဲ့ လက်ဝဲယိမ်းခေါင်းဆောင်တွေကို သူတို့နေရာတွေကနေ ဖယ်ရှားဖို့ အမေရိကန်က ရန်ပုံငွေအမြောက်အများ သုံးစွဲပြီး စစ်ဆင်ရေးများစွာ လုပ်ခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုတွေထဲက အချို့အဖြစ်အပျက်တွေကို သာဓက ပြပါမယ်။
■ ဂွာတီမာလာ (၁၉၅၀ ပြည့်နှစ်များ)
ဂွာတီမာလာမှာ ၁၉၅၄ ခုနှစ်အတွင်း ရွေးကောက်ခံ သမ္မတ ဂျက်ကော့ဘို အာဘန်ဇ် (Jacobo Arbenz) ကို ဒေသခံတိုက်ခိုက်ရေးအဖွဲ့တွေက ဖြုတ်ချခဲ့ပါတယ်။ ဒီအဖွဲ့တွေကို ထောက်ပံ့ပေးထားတာက အမေရိကန်သမ္မတ Dwight Eisenhower လက်အောက်က စီအိုင်အေ ပဲဖြစ်ပါတယ်။
ထိုစဥ်က လက်ဝဲယိမ်းသမ္မတဟောင်း အာဘန်ဇ် Arbenz ဟာ ကုမ္ပဏီတစ်ခုကို ပြည်သူပိုင်သိမ်းဖို့ ကြိုးပမ်းခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ဂွာတီမာလာမှာ ဆိုရှယ်လစ်လမ်းစဥ်တွေ ပေါ်ပေါက်လာမှာကို အမေရိကန်က အတော်လေး စိုးရိမ်ခဲ့ပြီး ဒါကိုတားဆီးဖို့ စီအိုင်အေက နောက်ကွယ်ကကြိုးကိုင်ခဲ့တာပါ။
CIA ရဲ့ Operation PBSuccess ဆိုတဲ့ စစ်ဆင်ရေးအောက်မှာ စစ်ဘက်အရာရှိ Carlos Castillo Armas ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေကို အမေရိကန်စီအိုင်အေက သေချာလေ့ကျင့်ပေးခဲ့ပြီး အာဏာသိမ်းစေခဲ့ပါတယ်။ ဒီလိုနဲ့ ဂွါတီမာလာမှာ ၁၉၆၀ ကနေ ၁၉၉၆ ခုနှစ်အတွင်း ဂွာတီမာလာ အာဏာသိမ်းစစ်တပ်နဲ့ လက်ဝဲသူပုန်တို့အကြား ပြည်တွင်းစစ် ကာလကြာရှည်ဖြစ်ပွားခဲ့ပါတယ်။
■ ကျူးဘား (၁၉၆၀ ပြည့်နှစ်များ)
ကျူးဘားမှာ ၁၉၅၉ ခုနှစ်က ကျူးဘားကွန်မြူနစ်ပါတီခေါင်းဆောင် Fidel Castro ဟာ အာဏာရှင် Fulgencio Batista ကိုဖြုတ်ချပြီးနောက် အာဏာရလာတယ်။
ဒီအချိန်မှာ အမေရိကန်သမ္မတ Eisenhower လက်ထက်ဖြစ်ပြီး Castro ကို ဖြုတ်ချဖို့အတွက် ပြည်ပရောက် ကျူးဘားတွေကို စီအိုင်အေကပဲ စနစ်တကျ အစီအစဥ်ရေးဆွဲပြီး လေ့ကျင့်သင်တန်းပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်သမ္မတ John F Kennedy က သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုမှာ အဆိုပါ အစီအစဉ်အကြောင်း အကျဉ်းချုံး ထည့်သွင်းပြောခဲ့ပါသေးတယ်။
အဆိုပါ စီအိုအေကျောထောက်နောက်ခံပြု စစ်စခန်းတွေကို ကျူးဘားထောက်လှမ်းရေးက တဆင့် Castro က သိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ Castro ကို ဖြုတ်ချဖို့အတွက် ကျူးဘားပြည်ပရောက် စီအိုင်အေလေ့ကျင့်ပေးလိုက်သူတွေအတွက် အစီအစဥ်တရပ်ဖြစ်တဲ့ Bay of Pigs Invasion ကို အမေရိကန်သမ္မတ Kennedy က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်း ကျူးကျော်စစ်ဆင်နွှဲတဲ့အခါ မအောင်မြင်ခဲ့ပါဘူး။
■ ဘရာဇီး (၁၉၆၀ ပြည့်နှစ်များ)
ဘရာဇီးမှာ ၁၉၆၁ ခုနှစ်အတွင်း လူမှု-စီးပွား ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ကြွေးကြော်ရင်း Joao Goulart သမ္မတဖြစ်လာပါတယ်။ သူဟာ ကျူးဘား လိုမျိုး ဆိုရှယ်လစ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး အမေရိကန်ပိုင် နိုင်ငံတကာ တယ်လီဖုန်းနဲ့ ကြေးနန်း (ITT) ရဲ့လုပ်ငန်းခွဲတစ်ခုကို နိုင်ငံပိုင်သိမ်းခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စီအိုင်အေက အမေရိကန်လိုလားတဲ့ နိုင်ငံရေးသမားတွေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအုပ်စုတွေကို အထောက်အပံ့များစွာ ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် Goulart ရဲ့ ခေါင်းဆောင်မှု အားပျော့စေခဲ့ပြီး ၁၉၆၄ ခုနှစ်အရောက်မှာတော့ အမေရိကန်ကြည်ဖြူသော စစ်အာဏာသိမ်းမှုတစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
■ အီကွေဒေါ (၁၉၆၀ ပြည့်နှစ်များ)
၁၉၂၅ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အတွင်း (၂၂) နှစ်အတွင်း သမ္မတ (၂၇) ဦးပြောင်းခဲ့ရတဲ့ အီကွေဒေါဟာ အရှည်ကြာဆုံး နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတစ်နိုင်ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာတော့ တည်ငြိမ်မှု ရှိလာတဲ့ ကာလလို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ ဒီတည်ငြိမ်မှုက ကြာရှည်မခံခဲ့ပါဘူး။ ၁၉၆၀ အစောပိုင်းနှစ်ကာလတွေမှာ အမေရိကန်အစိုးရဟာ ဆိုဗီယက်အစုအဖွဲ့နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သမ္မတ Jose Velasco Ibarra နဲ့ ဒုသမ္မတ Carlos Julio Arosemena တို့ရဲ့ကျူးဘားနည်းတူ မူဝါဒတွေကို စိုးရိမ်လာပါတယ်။
ဒီတော့ CIA က အမေရိကန် အလုပ်သမား အဖွဲ့အစည်းတွေကို ကြားခံအဖြစ်သုံးပြီး အီကွေဒေါနိုင်ငံအတွင်း ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး စိတ်ဓာတ်တွေ သွတ်သွင်းဖို့ အဖွဲ့အစည်းတော်တော်များများကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။
“နောက်ဆုံးတော့ အီကွေဒေါက လူတိုင်းက စီအိုင်အေ အလိုကျ ဖြစ်လာရတာပါပဲ” လို့ CIA အေးဂျင့်တစ်ဦးက လက်တင်အမေရိကရှိ အေဂျင်စီရဲ့ လုပ်ဆောင်မှုတွေကို အကဲဖြတ်ဖို့ CIA ကခန့်ထားတဲ့ Roger Morris ကို ၂၀၀၄ ခုနှစ်က ပြောခဲ့ပါတယ်။
ဒုသမ္မတ Arosemena ဟာ သမ္မတ Ibarra ကို အာဏာသိမ်းဖို့ အရင်ဆုံး လုပ်ဆောင်ခဲ့ပြီးနောက် သူ့ရာထူးကို တည်ငြိမ်အောင်မလုပ်ခင်မှာ လက်ဝဲဘက်ကို သိသိသာသာ ယိမ်းခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ စစ်တပ်က ထပ်မံ အာဏာသိမ်းခဲ့ပြီး ကွန်မြူနစ်ပါတီကို အာဏာနဲ့ ဖယ်ရှားလိုက်သလို ကျူးဘားနဲ့ အဆက်သွယ်ဖြတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အမေရိကန် အကျိုးစီးပွားနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။
■ ဘိုလီးဗီးယား (၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်များ)
ဘိုလီးဗီးယားနိုင်ငံရေးမှာ အမေရိကန်ရဲ့ သြဇာလွှမ်းနိုင်ဖို့ ၁၉၆၃-၆၄ ခုနှစ်ကြားကာလတွေအတွင်း စီအိုင်အေ ကတဆင့် လျှို့ဝှက်ရန်ပုံငွေ အမြောက်အများ သုံးစွဲခဲ့ပါတယ်။
ရန်ပုံငွေတွေကို အမေရိကန်အကျိုးလိုလားတဲ့ ခေါင်းဆောင်တွေကိုပဲ ရွေးချယ်ထောက်ပံ့ခဲ့ပြီဂ ၁၉၆၄ ခုနှစ် နိုဝင်ဘာလမှာတော့ ရွေးကောက်ခံသမ္မတ Victor Paz Estenssoro ကို စစ်ဗိုလ်ချုပ်ကြီး Rene Barrientos Ortuno က စစ်အာဏာသိမ်းဖို့ အားပေးခဲ့ပါတယ်။ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဒီအာဏာသိမ်းမှု အထမြောက်ခဲ့ပြီး သမ္မတ Estenssoro လည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ဒီအခြေအနေမှာတော့ ဘိုလီးဗီးယားအပေါ် အမေရိကန်တွေ ဝင်ရောက်စွက်ဖက်တာ မတွေ့ရတော့ပါဘူး။
ဒါပေမဲ့ ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေမှာ ဝါရှင်တန်က ဘိုလီးဗီးယားမှာ နောက်ထပ်အစိုးရအပြောင်းအလဲဖြစ်ဖို့ တဖန်မျက်စိကျလာပြန်တယ်။ ဒီအကြိမ်မှာတော့ သူတို့ရဲ့ ပစ်မှတ်က ၁၉၇၀ ခုနှစ်မှာ အာဏာရလာပြီး ဘိုလီးဗီးယားက အမေရိကန်ကုမ္ပဏီတွေကို နိုင်ငံပိုင်လုပ်ခဲ့တဲ့ သမ္မတ Juan Jose Torres ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တရားဝင်မှတ်တမ်းအရ La Paz မှာရှိတဲ့ အမေရိကန်သံအမတ်က ၁၉၇၁ ခုနှစ် ဇွန်လမှာ လက်ရှိဘိုလီးဗီးယားသမ္မတ Torres ကို ဆန့်ကျင်နေသူတွေအပေါ် ထောက်ပံ့ပေးဖို့ ဝါရှင်တန်ကို တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အိမ်ဖြူတော်က ဒေါ်လာ ၄၁၀,၀၀၀ ကို Torres ကို ဆန့်ကျင်တဲ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေအတွက် လျှို့ဝှက်ထောက်ပံ့ပေးခဲ့ပါတယ်။ အမေရိကန် အစိုးရအုပ်ချုပ်ရေးရဲ့ အဆိုပါ လျှို့ဝှက်ထောက်ပံ့မှုတွေကို ဝေဖန်ကြသူတွေကတော့ ဒီငွေတွေကို “အာဏာသိမ်းကြေး” (coup money) အဖြစ် သမုတ်လေ့ရှိပါတယ်။
အဆိုပါ ထောက်ပံ့မှု ပေးအပ်ပြီး ၂ လအကြာမှာတော့ သမ္မတ Torres ကို စစ်ခေါင်းဆောင် Hugo Banzer က အာဏာသိမ်းလိုက်ပါတယ်။
အဆိုပါ အာဏာသိမ်းမှုက အောင်မြင်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမေရိကန်က ဆက်လက်ထောက်ပံ့ပေးခဲ့ပြီး ၁၉၇၈ ခုနှစ်အထိ Banzer က အာဏာရယူခဲ့ပါတယ်။
နောက်ထပ် ဆယ်စုနှစ် နှစ်ခုနီးပါးအကြာမှာ Banzer က ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရပြီး အာဏာတစ်ခါ ပြန်ရခဲ့ပါတယ်။
■ ချီလီ (၁၉၇၀ ပြည့်နှစ်များ)
ချီလီမှာ ရွေးကောက်ခံသမ္မတ လက်ဝဲခေါင်းဆောင် Salvador Allende ကို ဖြုတ်ချဖို့အတွက်လည်း စီအိုင်အေက ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။
သမ္မတ Allende ဟာ ချီလီကြေးနီကုမ္ပဏီတွေကို လက်ဝါးကြီးအုပ်ထားတဲ့ အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီတွေကို နိုင်ငံပိုင်လုပ်ဖို့ ပြင်ဆင်ခဲ့တာကြောင့် စီအိုင်အေက ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ စနစ်တကျ ပြန့်ပွားစေဖို့ ငွေအမြောက်အများ သုံးစွဲခဲ့တာပါ။
စီအိုင်အေရဲ့ ထောက်ပံ့မှုနဲ့ ၁၉၇၃ ခုနှစ် စစ်အာဏာသိမ်းမှုကို စစ်ဗိုလ်ချုပ်ကြီး Augusto Pinochet ဦးဆောင်ခဲ့ပြီး သမ္မတ Allende လည်း အဖမ်းမခံရမီ သူ့ကိုယ်သူ AK-47 ရိုင်ဖယ်သေနတ်သုံးပြီး သတ်သေခဲ့ပါတယ်။ သူသေဆုံးရတဲ့ အကြောင်းရင်းမှန်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတည်ပြုဖို့ ခက်ခဲခဲ့ပါတယ်။
အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ Augusto Pinochet ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဟာ ချီလီမှာ ၁၇ နှစ်ကြာ မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။
■ Operation Condor (၁၉၇၀ ပြည့်နှစ်များ)
1975 ခုနှစ်မှာ CIA က လက်တင်အမေရိက နိုင်ငံ (၆) နိုင်ငံမှာ လက်ယာစွန်း စစ်အာဏာရှင်စနစ်ကို ထောက်ခံအားပေးပြီး Operation Condor (ကွန်ဒေါစစ်ဆင်ရေး) လို့ ခေါ်တဲ့ နိုင်ငံဖြတ်ကျော်အကြမ်းဖက်ကွန်ရက်ကြီး တစ်ခု စနစ်တကျ တည်ထောင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ Gerald Ford လက်ထက်မှာ စတင်ခဲ့တာပါ။
ဒီ ၆ နိုင်ငံဟာ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ချီလီ၊ ဥရုဂွေး၊ ပါရာဂွေး စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က အမေရိကန်နဲ့ နိုင်ငံရေးသဘောထား ဆန့်ကျင်သူတွေ၊ လက်ဝဲအယူမြင်ရှိသူတွေ၊ ကွန်မြူနစ်လမ်းစဥ်ကို ယုံကြည်သူတွေကို အမြစ်ဖြတ်ချေမှုန်းရေး ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို အဓိက ထောက်ပံ့ပေးခဲ့တာက လက်တင်အမေရိကနိုင်ငံတွေရဲ့ စစ်အာဏာရှင်တွေပါတယ်။ သူတို့က နိုင်ငံဖြတ်ကျော်ကွန်ရက်ကတဆင့် ဆန့်ကျင်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့နဲ့ သတင်းအချက်အလက်တွေကို တနေရာတည်းမှာ ထည့်သွင်းပြီး လိုသလို အသုံးပြုဖို့ အပြန်အလှန် သဘောတူခဲ့ကြပါတယ်။
ဒီနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုကွန်ရက် Operation Condor မှာ သုံးခဲ့တဲ့ နည်းလမ်းတွေမှာ ထောက်လှမ်းရေးသတင်းတွေ အပြန်အလှန်ဖလှယ်မှု၊ သတင်းအချက်အလက် မျှဝေမှု၊ အကျဥ်းသားတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုနည်းနာ စတဲ့ ရက်စက်ကြမ်းကြုတ်မှုလုပ်ငန်းစဥ်တွေကို ဝေမျှတာတွေ ပါဝင်ပါတယ်။
ဒီစစ်ဆင်ရေးကြောင့် အနည်းဆုံး လူ (၉၇) ဦး မတရားနှိပ်စက်သတ်ဖြတ်ခံခဲ့ရတယ်လို့ လက်တင်အမေရိကအဖွဲ့အစည်းတွေနဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးတွဲလေ့လာချက်အရ သိရပါတယ်။
■ အယ်ဆာဗေဒေါ (၁၉၈၀ ပြည့်နှစ်များ)
၁၉၈၁ ခုနှစ် ဒီဇင်ဘာလမှာ Salvadoran စစ်တပ်ရဲ့ ထိပ်တန်း Atlacatl တပ်ရင်းက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ရွာသား ၁၀၀၀ ကျော် နေထိုင်တဲ့ အယ်မိုဇုတ်ရွာ တစ်ရွာလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အကြား အယ်ဆာဗေဒေါမှာ ၁၂ နှစ်တာ ပြည်တွင်းစစ်ဖြစ်ခဲ့တာပါ။
Atlacatl တပ်ရင်းကို အဓိက လေ့ကျင့်ပေး၊ ထောက်ပံ့ပေးထားတာက အမေရိကန်အစိုးရပါ။ လက်တင်အမေရိကမှာရှိတဲ့ လက်ဝဲတော်လှန်ရေးသမားတွေကို နှိမ်နှင်းဖို့အတွက် အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲ မူဝါဒတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ယာစွန်းစစ်အာဏာရှင်တွေကို သေသေချာချာ လေ့ကျင့်ပျိုးထောင်ခဲ့ပါတယ်။ ဒီနည်းနဲ့ ၁၉၈၀ ကနေ ၁၉၈၂ ခုနှစ်အကြား အယ်ဆာဗေဒေါ နိုင်ငံရဲ့ စစ်အာဏာရှင်တွေကို အမေရိကန်အစိုးရက အကြီးစားထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
■ ဂရီနေဒါ (၁၉၈၀ ပြည့်နှစ်များ)
ကာရေဘီယံကျွန်းငယ်လေးတစ်ခုရဲ့ ၀န်ကြီးချုပ် Maurice Bishop ဟာ ၁၉၇၉ ခုနှစ် အာဏာစရလာချိန်မှာ မာ့က်စ်-လီနင်ဝါဒ လမ်းစဥ်တွေကို စတင်ခဲ့ပါတယ်။
၁၉၈၀ အစောပိုင်းနှစ်ကာလတွေမှာ ဂရီနေဒါ နိုင်ငံအပေါ် ကျူးဘားရဲ့ လွှမ်းမိုးမှုကို အမေရိကန်က စိုးရိမ်စပြုလာတယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာလမှာတော့ Bishop ရဲ့ ပါတီတွင်း ခေါင်းဆောင်နေရာ ပဋိပက္ခတွေကို အခွင့်ကောင်းယူပြီး အမေရိကန်စစ်တပ်က ဂရီနေဒါကို ကျူးကျော်ဝင်ရောက်ပြီး ကျူးဘားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့သလို ဂရီနေဒါရဲ့ နိုင်ငံရေးမူဝါဒအားလုံးဟာ အမေရိကန်လမ်းစဥ်နဲ့ ကိုက်ညီဖို့ ဖိအားပေးခဲ့ပါတယ်။
■ ပနားမား (၁၉၈၀ ပြည့်လွန်နှစ်များ)
အမေရိကန်ရဲ့ ရီပတ်ပလီကန် သမ္မတ George HW Bush လက်ထက် ၁၉၈၉ ခုနှစ်မှာ ပနားမားကို အမေရိကန်စစ်တပ်က ကျူးကျော်ခဲ့ပါတယ်။ ဒီကျူးကျော်မှုကို Operation Just Cause လို့ အမည်တပ်ခဲ့ပါတယ်။
ဆိုးဝါးပြင်းထန်တဲ့ ကျူးကျော်မှုတွေနဲ့ ပနားမား သမ္မတ Manuel Noriega ကို ဖယ်ရှားခဲ့ပြီး နောက်မှာတော့ မူးယစ်ဆေးဝါး မှောင်ခိုမှုလို့ စွပ်စွဲခဲ့ပါတယ်။
■ နောက်ထပ် ဗင်နီဇွဲလားနဲ့ ဒေသတွင်းနိုင်ငံတွေ ကြုံလာနိုင်မယ့် အမေရိကန်ရဲ့ အန္တရာယ်
အခုလက်ရှိ ဗင်နီဇွဲလား ကြုံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်တင်အမေရိက နိုင်ငံတွေအနေနဲ့လည်း ထရမ့်ရဲ့ အမိန့်အာဏာနဲ့ ခြိမ်းခြောက်မှုတွေကို သတိကြီးကြီးထား တုံ့ပြန်နေရတယ်လို့ ဗင်နီဇွဲလားလေ့လာသုံးသပ်သူ ပီနာက Al Jazeera ကို ပြောပါတယ်။
ဒီအထဲမှာ ကိုလံဘီယာနဲ့ ကျူးဘား၊ နီကာရာဂွါ၊ ဘိုလီဗီးယား၊ ဟွန်ဒူးရပ်စ်နဲ့ ကာရေဘီယံကျွန်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဒေသတွင်း အစုအဖွဲ့ ALBA (Bolivarian Alliance for the Peoples of Our America) တို့ကတော့ ခြွင်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပုံမှန်အခြေအနေမှာ အမေရိကန်ရဲ့ စွက်ဖက်မှုတွေဟာ လက်တင်အမေရိကအစိုးရတွေနဲ့ အမေရိကန်နိုင်ငံအကြား တင်းမာမှုကို ဦးတည်စေမှာ ဖြစ်ပေမဲ့ လက်ရှိ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လက အငြင်းပွားဖွယ် ရွေးကောက်ပွဲကတဆင့် အာဏာဆက်လက်ရယူမှုအပေါ် အခြားလက်တင်အမေရိက နိုင်ငံအတော်များများက သတိထားဆက်ဆံတဲ့ ပုံစံတွေ ပြခဲ့ကြပါတယ်။
မာဒူရိုဘက်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ သမ္မတ ရွေးကောက်ပွဲပြီးနောက် အခြားနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးတွေကို ဖြတ်တောက်ခဲ့မှုဟာလည်း အခုလို အခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းတရပ်လို့ ပီနာက သုံးသပ်ပါတယ်။
ဗင်နီဇွဲလားရဲ့ ၂၀၂၄ ရွေးကောက်ပွဲဟာ မသမာမှု အများအပြားရှိခဲ့တယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေစုံခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဗင်နီဇွဲလားနဲ့ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့တဲ့ အမေရိကန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့ပါဘူး။
၂၀၂၄ ခုနှစ် ဇူလိုင်လမှာ Carter Center နဲ့ UN တို့က ဗင်နီဇွဲလား ရွေးကောက်ပွဲ ရလဒ်တွေဟာ မျှတမှုနဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ မရှိခဲ့တာကြောင့် အတည်မပြုနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ အမေရိကန်လိုလားတဲ့ လက်တင်အမေရိက ၉ နိုင်ငံကလည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ သုံးသပ်အကဲဖြတ်မှု လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီတော့ လက်ရှိဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားနဲ့ အမေရိကန်တို့အကြား ငြိမ်းချမ်းရေးလက္ခဏာဆောင်တဲ့ စကားဝိုင်းဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ ကြားဝင်ဖျန်ဖြေတဲ့ နိုင်ငံတွေ ရှိလာနိုင်တယ်လို့ ပီနာက ယူဆပါတယ်။ ဒါပေမဲ့ ဒီအခြေအနေထိ ရောက်ဖို့ နှစ်ဖက်စလုံးရဲ့ အပြုအမူက ဝေးကွာနေဆဲ ဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်တာက အမေရိကန်စစ်တပ်နဲ့ ရေတပ်အင်အားကို ထပ်မံတိုးချဲ့ချထားပြီး မာဒူရိုကို ရာထူးကနေ ဆင်းပေးဖို့ အမေရိကန်အစိုးရက ဆက်လက်ဖိအားပေးနေနိုင်ပါတယ်။ မာဒူရိုဘက်ကလည်း အစွမ်းကုန် ခုခံတွန်းလှန်မယ့်ပုံပါ။
တကယ်လို့ စစ်ပွဲဖြစ်ခဲ့ရင်တော့ အခြားလက်တင်အမေရိက နိုင်ငံတွေအပေါ်လည်း အကျိုးသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရေနံနိုင်ငံတွေအပေါ် နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ အမေရိကန်စီးပွားရေး အကျပ်အတည်းကြောင့်၂၀၁၄ ခုနှစ်ကစလို့ ပြည်သူ ၈ သန်းကျော် နိုင်ငံပြည်ပကို ရွှေ့ပြောင်းထွက်ခွာပြီး ဖြစ်ပါတယ်။
“တကယ်လို့ နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်ဖို့ လုပ်မယ်ဆိုရင်တော့ နောက်ထပ် ရွှေ့ပြောင်းမှု လှိုင်းကြီး ပေါ်လာဦးမှာပါ။ ဘယ်လောက်များတဲ့ ရွှေ့ပြောင်းမှုဖြစ်မလဲဆိုတာကတော့ မခန့်မှန်းနိုင်သေးပါဘူး” လို့ ပီနာက ဆိုပါတယ်။
ဘာသာပြန်သူ- အက္ခရာ
(Al Jazeera သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ Elizabeth Melimopoulos နဲ့ Sarah Shamim တို့ ပူးပေါင်းရေးသားတဲ့ “Trump approves CIA operations in Venezuela: What we know, and what’s next” ကို ဘာသာပြန်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ )
The Tanintharyi Times
