မျက်နှာဖုံးပေါ်က လူသတ်အပြုံးတွေ
မျက်နှာဖုံးပေါ်က လူသတ်အပြုံးတွေ
‘အပြုံး’ ဆိုတာ လှပကြည်ရွှင်တဲ့ စိတ်နှလုံး ဖြစ်ပေါ်မှု သင်္ကေတတစ်ခုပါပဲ။ နှစ်လိုဖွယ် ပြုံးလိုက်တဲ့ အပြုံးတစ်ခုဟာ လှပမှုကို ဆောင်ကြဉ်းတယ်။ ချစ်ခင်မှုကို ကိုယ်စားပြုတယ်။ ဒါပေမယ့် အပြုံးပွင့်တွေထဲမှာ ရိုးသားမှုတွေ ထည့်သွင်းမြှုပ်နှံမထားဘူးဆိုရင် လောကကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အပြုံးတုတွေ ဖြစ်သွားပါလိမ့်မယ်။
စဉ်းလဲကောက်ကျစ်တဲ့ စိတ်အစဉ်ကို ဖုံးကာဖို့အတွက် ပြုံးတဲ့ အပြုံးမျိုးဟာ လူ့လောကအတွက် တကယ့်အဆိပ်အတောက်ပါပဲ။ အာဏာကွင်းဆက် ထိပ်ဆုံးမှာရှိတဲ့ လူယုတ်မာတစ်ယောက်ရဲ့ ဟန်ဆောင်အပြုံးတွေဆိုရင် လူသားမျိုးနွယ်အတွက် အကြီးမားဆုံး အန္တရာယ်ကို သယ်ဆောင်လာတဲ့ လူသတ်လက်နက်တွေပဲ ဖြစ်ပါတယ်။
သိပ်မကြာခင်က သတင်းစာမျက်နှာတွေမှာ မြင်လိုက်ရတဲ့ အပြုံးတုတချို့ဟာ ကျပ်ခိုးမှိုင်းတွေလို စိတ်ထဲမှာ ကပ်စွဲနေတယ်။ ချစ်ခင်နှစ်သက်လို့တော့ မဟုတ်ဘူး။ စိတ်ပျက်ရွံရှာလွန်းလို့ဆိုတဲ့ စကားထက် ပိုပြောလို့ရတဲ့ စကားလုံးရှိရင် ပြောလိုက်ချင်တယ်။ လူသတ်လက်နက်နဲ့ ထပ်တူညီတဲ့ အပြုံးတွေ။ လူသတ်သမားတွေက အချင်းချင်း အပြန်အလှန် ပြုံးပြလို့။ သူတို့စိတ်ထဲက ယုတ်မာကောက်ကျစ်တာတွေကို ကွယ်ဝှက်ထားပြီး ပက်ပက်စက်စက် ပြုံးနေကြတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး အောင်နိုင်ခြင်း အနှစ် ၈၀ ပြည့် အထိမ်းအမှတ်တဲ့။ စစ်ရေးပြပွဲနဲ့အတူ ခြိမ့်ခြိမ့်သဲ ကျင်းပလိုက်တဲ့ အခမ်းအနားတွေ။ ကမ္ဘာတုန်အောင် ခြောက်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့များလား။ ခင်းကျင်းပြသလိုက်တဲ့ စစ်လက်နက်ပစ္စည်း အသစ်အဆန်းတွေမှ ပုံစံဒီဇိုင်းမျိုးစုံ၊ အရွယ်အစားမျိုးစုံ။
အခမ်းအနားကို ကြွရောက်လာကြတဲ့ အာဏာရှင် ဦးသျှောင်တွေဟာ အပြုံးမျက်နှာဖုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြ။ ကြည့်လိုက်တိုင်းမှာ အပြုံးတမြမြနဲ့ တကယ့်မဟာဂရုဏာရှင်ကြီးတွေအတိုင်း။ ဘယ်လိုပြုံးပြုံး ပုပ်သိုးနေတဲ့ စိတ်နှလုံးကိုတော့ ဘယ်ဖုံးကာနိုင်ပါ့မလဲ။
အာဏာရှင်တွေဟာ သူတို့ အပြုံးမှိုင်းကို သူတို့အာဏာစက် မြဲမြံအောင် လုပ်တဲ့နေရာမှာ လက်နက်တစ်ခုအဖြစ် အမြဲတမ်း ထုတ်သုံးလေ့ ရှိကြတယ်။ သူတို့ရဲ့ ဆိုးသွမ်းယုတ်မာလှတဲ့ လုပ်ရပ်တွေကို ဖုံးဖိဖို့အတွက် အပြုံးလက်နက်ဟာ ဝါဒဖြန့်ယန္တရားပေါင်းများစွာထဲက မျက်နှာစာတစ်ခုပါပဲ။
မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလွတ်မြောက်လာတဲ့ “Eunsun Kim” က သူမကျောင်းသူဘဝတုန်းက အာဏာရှင် ‘ကင်ဂျုံအီ’ ရဲ့ ပြုံးနေတဲ့ ဓါတ်ပုံကို သူတို့ စာသင်ခန်းနံရံပေါ်မှာ အမြဲတမ်း ချိတ်ထားရသတဲ့။ အစိုးရရဲ့ ဝါဒဖြန့်ယန္တရား ကောင်းပုံများ အဲဒီဓါတ်ပုံထဲက ခေါင်းဆောင်ကြီးကို သူတို့တစ်တွေ လေးစားချစ်ခင်လိုက်ကြတာ၊ ရိုသေခဝပ်လိုက်ကြတာ။ သူမ တောင်ကိုရီးယားရောက်ပြီး ကမ္ဘာတစ်ဝန်းနဲ့ ထိတွေ့မိခါမှ မြောက်ကိုရီးယား ပြည်သူတွေ ဒုက္ခရောက်ရတဲ့ အဓိက လက်သည်တရားခံဟာ ဓါတ်ပုံထဲက အမြဲတမ်းပြုံးပြနေတဲ့ အဲဒီ ‘ကင်’ မင်းဆက် အာဏာရှင်တွေကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း သိရတော့တယ်။
“Eunsun Kim” ရေးထားတဲ့ မြောက်ကိုရီးယားက သူ့အတွေ့အကြုံကို ဖတ်ပြီး၊ ကျွန်မ အလယ်တန်းကျောင်းသူဘဝက အဖြစ်အပျက်တစ်ခုကို ပြန်သတိရသွားမိတယ်။ မနက်ဝေလီဝေလင်း ကတည်းက မတ်တပ်ရပ်နေရတဲ့ ခြေထောက်နှစ်ချောင်းလည်း ညောင်းလှပြီ။ နေက တဖြည်းဖြည်းပူလာ၊ ဗိုက်ကလည်း ဆာလာ။ ကားတွေတဝီဝီနဲ့ တစ်ကျောင်းလုံး ရုတ်တရက် ပြာယာခတ်သွားပြီးနောက်မှာ အားလုံးဟာ စနစ်တကျနဲ့ ငြိမ်ကျသွားတယ်။ ကျွန်မတို့ ကြိုဆိုစောင့်မျှော်နေသူက ‘ဦးခင်ညွန့်’။
နံနက် ဆယ်နာရီလောက်ရောက်တော့ လက်အုပ်လေးတွေချီပြီး တန်းစီရပ်နေတဲ့ ကျွန်မတို့ရှေ့ကနေ တပြုံးပြုံးနဲ့ လက်ဝှေ့ရမ်းရင်း လျှောက်ဝင်လာတယ်။ ‘ပင်ပန်းသွားကြပြီ…ဟုတ်လား’ လို့ ပြုံးပြုံးလေးပြောရင်း ကျွန်မတို့ရှေ့ကနေ ဖြတ်သန်းသွားတယ်။ အဲဒီအပြုံးနဲ့ အဲဒီစကားတစ်ခွန်းအပေါ်မှာ ကျွန်မတို့ ကျောင်းသူတစ်တွေ ကျေနပ်သွားကြတာ အမှန်ပါပဲ။
နိုင်ငံ့ခေါင်းဆောင်လို့ ကျွန်မတို့ မှတ်ယူနေတဲ့ အဲဒီလူဆီက အပြုံးတွေဟာ အတုအယောင် ဖြစ်နေမှန်း ကျွန်မတို့မှာ နားလည်နိုင်စွမ်း မရှိပါဘူး။ တိုင်းပြည်ကို နှစ်သတ်နေတဲ့ လူမှန်းလည်း သိနိုင်စွမ်း မရှိခဲ့ပါဘူး။ ကျောင်းမှာ၊ အိမ်မှာ၊ ပတ်ဝန်းကျင်မှာ နိုင်ငံရေးအကြောင်း လေသံတောင် မဟရဲကြတဲ့ ခေတ်ကိုး။
နိုင်ငံရေးနားလည်တဲ့ အသိုင်းအဝိုင်း၊ စာပေနဲ့ အလှမ်းကွာဝေးလွန်းလှတဲ့ ကျွန်မလို ကလေးတစ်ယောက်အတွက် နိုင်ငံရဲ့ တကယ်ဖြစ်ရပ်မှန်တွေကို လုံးလုံးမသိနားမလည်ခဲ့ပါဘူး။ မြဝတီရုပ်မြင်သံကြားမှာပြတဲ့ ‘ဦးခင်ညွန့်’ ရဲ့ အပြုံးမျက်နှာတွေကိုပဲ အမြဲလိုလို တွေ့နေရတော့ သူ့ကို အပြင်မှာ တပြုံးပြုံးနဲ့ တွေ့လိုက်ရတဲ့အချိန် ကလေးပီပီ ဝမ်းသာသွားတာတော့ အမှန်ပါပဲ။
အာဏာရှင်တွေဟာ သူတို့အာဏာ ခြေကုပ်မြဲဖို့ ပြည်သူတွေကို မျက်နှာနှစ်ဖက်နဲ့ အုပ်ချုပ်လေ့ ရှိတယ်။ တစ်ဖက်မှာ အကြောက်တရားနဲ့ ပြည်သူတွေကို နှိပ်ကွပ်ထားသလို၊ အခြားတစ်ဖက်မှာ ပြည်သူတွေ သူတို့ကို ချစ်ခင်ယုံကြည်နေအောင် အနုနည်းနဲ့ ဝါဒဖြန့် သိမ်းသွင်းထားတတ်ကြတယ်။
အကြောက်တရားကြောင့် ဖြစ်လာတဲ့ ခဝပ်ကျိုးနွံမှုတွေဟာ ပျက်ပြယ်ဖို့ လွယ်ကူပါတယ်။ အကြောက်တရားကနေ အမုန်းတရားနဲ့ အာခံလိုစိတ်ဟာ အလွယ်တကူ ပေါက်ဖွားလာနိုင်တယ်။ ဒါပေမယ့် ချစ်ခင်နှစ်လိုခြင်းကနေ ပုန်ကန်လိုစိတ် ဖြစ်လာဖို့ဆိုတာ သိပ်ကိုခဲယဉ်းပါတယ်။
ဒီသဘောတရားကို နောကျေနေတဲ့ အာဏာရှင်တွေဟာ နှိပ်စက်သတ်ဖြတ်တဲ့အလုပ်ကို အထိန်းအကွပ်မရှိ ကျူးလွန်နေချိန်မှာပဲ တစ်ဖက်မှာ လူထုရှေ့ မျက်နှာပြတဲ့အခါ အပြုံးတဝေဝေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ကလေးတွေကို ချီပိုးချော့မြူတာ၊ ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ မိန့်ခွန်းပြောတာမျိုးကို ထပ်ခါတလဲလဲ လုပ်ပြလေ့ရှိတယ်။
အပြုံးကို မျက်နှာဖုံးတပ်ဆင်ပြီး ပြည်သူတို့ရဲ့ ချစ်ခင်မှု၊ ယုံကြည်မှုရအောင် ကြိုးစားတဲ့နေရာမှာ အခုဆိုရင် ဆိုရှယ်မီဒီယာကို သုံးပြီး ဖောဖောသီသီ ဝါဒဖြန့်လို့ ရနေပါပြီ။ တရုတ်အကြီးအမှူးပြုတဲ့ အခမ်းအနားကို အာဏာရှင်တစ်သိုက် အပြုံးကိုယ်စီနဲ့ တက်ရောက်ခဲ့တဲ့ ဓါတ်ပုံတွေကို ကြည့်မိပြီးနောက် လက်လေးတပြပြနဲ့ ပြုံးနေတဲ့ အာဏာရှင်တို့ရဲ့ ပုံရိပ်တွေဟာ ဖုန်းမျက်နှာပြင်မှာ ပလူပျံနေအောင် ပေါ်လာကြတော့တယ်။
ဒီလို အပြုံးနဲ့ လှည့်ဖြားသိမ်းသွင်းတဲ့ နည်းလမ်းက သာမန်ကြည့်ရင် ရယ်(ရီ)စရာကောင်းတယ်၊ မထူးခြားတဲ့ လမ်းဟောင်းကြီးလို့ ဆိုလို့ရပေမယ့် ဒီနည်းလမ်းဟာ အောင်မြင်နေဆဲ၊ ပြည်သူ့နှလုံးကို သိမ်းကျုံးနိုင်နေဆဲလို့ ပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။
လာမယ့် နှစ်ကုန်ပိုင်းမှာ စစ်အုပ်စုဘက်က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို ကြေညာခဲ့ပြီးပြီ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေကြပြီ။ စစ်အုပ်စုနဲ့ အလွမ်းသင့်တဲ့ ပါတီတွေလည်း ဝင်ပြိုင်ဖို့ကို လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ။
အတုအယောင် ရွေးကောက်ပွဲပါလို့ ဘယ်လိုပြောနေပါစေ။ စစ်ကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ ဖြန့်နိုင်သမျှ သတင်းအမှားတွေ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေကို သာမန်ပြည်သူတွေဆီရောက်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖြန့်ဝေကြမှာတော့ အသေအချာပါပဲ။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ လွတ်မြောက်နယ်မြေတွေ ရှိနေပေမယ့် စစ်အုပ်စုဘက်က စိုးမိုးအုပ်ချုပ်နေဆဲ နယ်မြေတွေ များစွာ ရှိနေသေးတယ် ဆိုတာတော့ မေ့ထားလို့ မရပါဘူး။ လွတ်မြောက်နယ်မြေမှာ ရွေးကောက်ပွဲ မလုပ်နိုင်သည့်တိုင် စစ်အုပ်စုရဲ့ စိုးမိုးနယ်မြေမှာတော့ မဖြစ်ဖြစ်အောင် လုပ်ဖို့ သေချာသလောက်ပါ။
သိပ်မကြာခင်မှာ ကိုယ်စားလှယ်လောင်း ဆိုသူတွေက မြေပြင်ကို တိုက်ရိုက်လာရောက်၍ ဖြစ်စေ၊ အွန်လိုင်းကနေတစ်ဆင့် ဖြစ်စေ မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင် ကြပါတော့မယ်။ အပြုံးပန်း တဝေဝေ၊ စကားလုံး လှလှလေးတွေနဲ့ ပြည်သူတွေကို လှည့်ဖြားသိမ်းသွင်း ကြပါဦးမယ်။ ဒီလောက် ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ အထပ်ထပ် ကျူးလွန်ထားတဲ့ အဖွဲ့အစည်းကို ဘယ်သူက လူရာသွင်း ကြိုဆိုမလဲ။ ဂရုစိုက်စရာ မလိုပါဘူးလို့ ပြောရုံနဲ့ လုံလောက်မယ် မထင်ပါဘူး။
ဗုံးကြဲနေတဲ့ စစ်တပ်ကို ကြောက်ရွံ့မုန်းတီးမိပေမယ့် အဝတ်အစားလှလှလေးဝတ်ပြီး အပြုံးတစ်ပွေ့တစ်ပိုက်နဲ့ ကိုယ့်ရပ်ရွာ ရောက်လာမယ့် အမတ်လောင်းဆိုသူတွေကို စစ်အုပ်စုနဲ့ မတူသလိုလို ထင်မြင်မိသွားမှာ စိုးလှပါတယ်။ နည်းနည်းကောင်းပြလိုက်တာနဲ့ ခွင့်လွှတ်လွယ်၊ မေ့ပျောက်လွယ်တဲ့ အဖြစ်မျိုးတွေကလည်း ကျွန်မတို့ လူမှုအဖွဲ့အစည်းရဲ့ ထုံးစံတစ်ခုလိုတောင် ဖြစ်နေတယ် မဟုတ်လား။
သေနတ်မိုးထားတဲ့ ရွေးကောက်ပွဲမို့ အန္တရာယ်တစ်ခုခု ဖြစ်မှာစိုးလို့ ခိုင်းတဲ့အတိုင်း လိုက်လုပ်ရတယ်၊ မဲထည့်ပေးလိုက်ရတယ် ဆိုတာမျိုးက ရှိမှာပါပဲ။ အသက်အန္တရာယ် ထိခိုက်မှာစိုးလို့ လိုက်လုပ်ရတာကို အပြစ်မဆိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေ သတိကြီးကြီးထားကြရမှာက အပြုံးနဲ့ ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုသူတွေဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်းဆိုတာပါပဲ။
အပြုံးတွေနဲ့ လှည့်ဖြားစည်းရုံးတိုင်း မျက်စိလည်မသွားဖို့၊ တော်လှန်ရေးအပေါ်မှာ အမြင်တိမ်းစောင်း ယိမ်းယိုင်မသွားဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ကောင်းကျိုးတစ်စုံတစ်ရာ မဖြစ်စေဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ ကောက်ကျစ်စဉ်းလဲတဲ့ အာဏာရှင်တစ်စုနဲ့ အပေါင်းပါတို့ရဲ့ အပြုံးတုဟာ လူသတ်လက်နက်တွေဆိုတာ နည်းနည်းလေးတောင် မမေ့လိုက်ပါနဲ့။ ။
ငြိမ်းပန်
The Tanintharyi Times
