ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသား ၇ ဦး လွတ်ရက်စေ့လို့ ပြန်လွတ်

ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသား ၇ ဦး လွတ်ရက်စေ့လို့ ပြန်လွတ်

ဓာတ်ပုံ - ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားတွေပြန်လွှတ်ပေးနေတဲ့ပုံအဟောင်း

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၇ ဦးလွတ်ရက်စေ့ပြီး ဒီနေ့မှာပြန်လည်လွတ်မြောက်လာတယ်လို့ ထောင်နဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

သူတို့ထဲမှာ အမျိုးသမီး ၃ယောက်နဲ့ အမျိုးသား ၄ယောက်တို့ပါဝင်ပြီး ကျခံထားရတဲ့ ထောင်ဒဏ် ၂ နှစ် လွတ်ရက်စေ့လို့ ပြန်လွတ်လာတာဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေကတော့ မအိအိမိုး၊ မရတနာမိုး၊ မမိုးမိုးစန်း၊ ဦးဝင်းဇော်ထိုက်၊ ကိုမြတ်မောင်ကျော်၊ ကိုသန်းထိုက်စိုး နဲ့ ကိုလင်းထက်ကျော် တို့ဖြစ်ကြပါတယ်။

သူတို့ဟာ မနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတစ်ခုမှာ ဖြိုခွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ၊ ၁၄၅ တို့နဲ့ထောင်ဒဏ် ၂ နှစ်အမိန့်ချခံခဲ့ရတာပါ။

” အဖမ်းခံရတဲ့ရက်ကနေ ရေမယ်ဆိုရင်တော့ ၂ နှစ် မပြည့်သေးဘူးပေါ့ ။ဒါပေမဲ့ ထောင်ဥပဒေအရ လျှော့ရက်တွေရလို့ အခုလို အလွတ်စောသွားတာပါ” လို့ထောင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ ၅၀၅ (က) ပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ကိုမျိုးမင်းလတ်လည်း လွတ်ရက်စေ့တာကြောင့်အခုလ စက်တင်ဘာ ၁၄ ရက်နေ့က လွတ်မြောက်ခဲ့ပါတယ်။

လောင်းလုံမြို့နယ်မှာ အဖမ်းခံခဲ့ရတဲ့ အချုပ်သား/သူ ၆ ဦးကိုလည်း တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချခဲ့တာကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား/သူ ၄၀၀ ကျော်အပါအဝင် အမှုအမျိုးမျိုးနဲ့ အကျဥ်းကျခံနေရသူ အကျဥ်းသား/သူ စုစုပေါင်း ၁၁၀၀ ကျော်ရှိနေပါတယ်။

The Tanintharyi Times