အကူအညီဖြတ်တောက်ခံနေရတဲ့ စစ်မက်ပဋိပက္ခတွေကြားက ကျန်းမာရေးဝန်ထမ်းတွေ

အကူအညီဖြတ်တောက်ခံနေရတဲ့ စစ်မက်ပဋိပက္ခတွေကြားက ကျန်းမာရေးဝန်ထမ်းတွေ

လက်ရှိအချိန်မှာ ကမ္ဘာတဝန်းက ဥတုရာသီဘေးအန္တရာယ်အမျိုးမျိုးနဲ့ စစ်မက်ပဋိပက္ခဒဏ်တွေကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒေသတွေအပေါ် အချိန်ကိုက်ကျရောက်လာတဲ့ ထပ်ဆင့် ဒုက္ခကတော့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ ဖြတ်တောက်တာနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို တိုက်ခိုက်မှုတွေ တိုးပွားလာတာပါပဲ။ ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေတွေကိုလည်း တိုက်ရိုက်ချိုးဖောက်ရာ ရောက်ပါတယ်။

နီပေါနိုင်ငံက ရေဘေးသင့်ကျေးရွာတွေကနေ မြန်မာနိုင်ငံရှိ စစ်ဘေးသင့်ဒေသတွေအထိ အသက်ပေါင်းများစွာကို ကယ်တင်နေကြသူတွေဟာ သားဖွားဆရာတွေ၊ ဆရာဝန်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ဒီလူသားချင်းစာနာဖေးကူ အကူအညီပေးသူတွေဟာ အကျပ်အတည်းတစ်စုံတရာ ပေါ်တာနဲ့ တပြိုင်နက် ရှေ့ဆုံးက လာရောက်ကူညီသူတွေ ဖြစ်သလို နောက်ဆုံးမှ ပြန်လည်ထွက်ခွာသူတွေလည်း ဖြစ်နေပါတယ်။

သူတို့ဟာ စစ်မက် ပဋိပက္ခနယ်မြေတွေမှာဖြစ်စေ၊ ဥတုရာသီကပ်ဘေး ကြုံရတဲ့ ဒေသတွေမှာ ဖြစ်စေ၊ ဒုက္ခသည်စခန်းတွေမှာ ဖြစ်စေ၊ လုံခြုံရေးဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေအောက်မှာ အရင်းအမြစ်မလောက်ငသည့်တိုင် ရှေ့တန်းက ဦးဆောင်ဦးရွက်ပြု ဖေးမကူညီနေကြပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံတည်းကိုကြည့်မယ်ဆိုရင်‌တောင် ပြည်တွင်း၊ ပြည်ပအိမ်နီးချင်းနိုင်ငံတွေဆီ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဒီနှစ်ဟာ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့တာ ရှစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ကော့ဘဇားဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်လာခဲ့ပြီး ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လူသားချင်းစာနာဖေးကူသူတွေက ရှေ့တန်းက စဥ်ဆက်မပြတ်အားထုတ်နေကြဆဲ ဖြစ်ပါတယ်။

အခုဆိုရင် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ကို ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေထောက်ပံ့မှု ဖြတ်တောက်လိုက်တာ ၆ လ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ လူသားချင်းစာနာမှုအကူညီပေးသူတွေရဲ့ ဘဝတွေအပေါ်လည်း သိသိသာသာ သက်ရောက်မှုတွေ မျက်မြင်ဒိဌကြုံလာရပါတယ်။

ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးဌာနတွေ ပိတ်သိမ်းခံရတာ၊ ရွေ့လျားဆေးခန်းတွေ ရပ်ဆိုင်းထားရတာနဲ့ မျိုးဆက်ပွားကျန်းမာရေး အခြေခံပစ္စည်းတွေ ပို့ဆောင်ဖို့ နှောင့်နှေးကြန့်ကြာရမှုတွေကြောင့် လူသန်းပေါင်းများစွာ အတွက် မရှိမဖြစ် ကျန်းမာရေး ရရှိပိုင်ခွင့် ဆုံးရှုံးနေပါတယ်။ ဒီထဲက ဝန်ဆောင်မှုတချို့ဟာ သေရေးရှင်ရေးတမျှ အရေးတကြီး လိုအပ်နေတဲ့ အရာတွေပါ။

တပြိုင်နက်တည်းမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နှုန်းကလည်း တိုးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ်ဟာ လူမှုဝန်ထမ်းတွေ အသေပျောက် အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ့်နိုင်ငံသားဝန်ထမ်းတွေ နိုင်ငံအတွင်းမှာပဲ အသတ်ခံရတာ အများစုဖြစ်နေပါတယ်။

ကမ္ဘာလုံးဆိုင်ရာမှာလည်း ကျန်းမာရေးဆိုင်ရာ စေတနာ့ဝန်ထမ်းတွေကို တိုက်ခိုက်မှု (၁,၆၀၀) ကျော် ဖြစ်ပွားခဲ့ပြီး အများစုက အီရန်၊ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ သုံးနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်နဲ့ ရာချီတဲ့ လူနာတွေ ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တစ်ခုဆိုတာထက် အများကြီးပိုပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တဲ့ ပြစ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဥပဒေအရ ကျန်းမာရေးအဆောက်အအုံတွေ၊ ဝန်ထမ်းတွေနဲ့ လူနာတွေကို တိုက်ခိုက်ခြင်းမပြုဖို့ တားမြစ်ထားပေမဲ့ လက်ရှိအချိန်အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမှာတွေ ရှိပါတယ်။ အဲဒါတွေကတော့ ကျန်းမာရေးစောင့်ရှောက်မှုကို လူသားချင်းစာနာမှုရဲ့ အခြေခံအုတ်မြစ်အဖြစ် ကာကွယ်ပေးရေး၊ နိုင်ငံတကာ ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ ပေါင်းစပ်ထည့်သွင်းရေးဆွဲပေးရေး၊ နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ 

ကျန်းမာရေး ၀န်ဆောင်မှုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရတိုင်းမှာ အဆိုးရွားဆုံး ထိခိုက်ခံစားကြရသူတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အသက်ကယ်သားဖွားစောင့်ရှောက်မှုမရတဲ့အခါ အသက်အန္တရာယ်အရေးပေါ်အခြေအနေတွေ အချိန်မရွေး ကြုံလာရနိုင်ပါတယ်။

လိင်အခြေပြု အမြတ်ထုတ်မှု၊ အကြမ်းဖက်မှု ခံစားရသူတွေအတွက် အရေး‌ပေါ် ကိုယ်ဝန်တားဆေးထောက်ပံ့မှုတွေ၊ မုဒိမ်းမှုနောက်ဆက်တွဲ ကုသမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ ကိုယ်စားပြုရပ်တည်ပေးတဲ့ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းကုန်ပါတယ်။

စစ်မက်တိုက်ပွဲတွေ အများစုမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်အဖြစ် အသုံးပြုခြင်းဟာ အမျိုးသမီးတွေနဲ့  မိန်းကလေးငယ်တွေ ရင်ဆိုင်ရတဲ့ စိတ်နဲ့ အန္တရာယ်တွေကို ပိုမိုဆိုးရွားစေဖို့ တွန်းပို့နေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ သူတို့အတွက် ကျန်းမာရေးနဲ့ လုံခြုံရေး အကူအညီပေးနိုင်တဲ့ အခြေခံအဆောက်အဦတွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ လူသတ်ကွင်းတွေဖြစ်လာတဲ့အခါ သေကြေပျက်စီးမှုနှုန်းက အဆမတန် မြင့်တက်လာပါတယ်။

နှစ်စဉ်နှစ်တိုင်း အာရှနဲ့ ပစိဖိတ်ဒေသတွေက လူသန်းပေါင်းများစွာ ရေကြီးမှုဒဏ်၊ ငလျင်ဘေးတွေနဲ့ စစ်မက်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့်လည်း အရေးပေါ်အခြေအနေ ဖြစ်ပွားမှု ကြိမ်နှုန်းနဲ့ ပြင်းထန်အားက ပိုမိုမြင့်တက်လာပါတယ်။ ဥတုရာသီကပ်ဘေးကြောင့် ရပ်ရွာတစ်ခုလုံး ဝါးမြိုခံရတိုင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက အကြီးမားဆုံး ဘေးဒဏ်ကို ပိုခံစားကြရပါတယ်။ တနည်းဆိုရရင် ကျွန်ုပ်တို့ဟာ စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာနဲ့ လူ့ဂုဏ်သိက္ခာ ဆုံရှုံးမှု အကျပ်အတည်းလှိုင်းကြီး တိတ်တဆိတ် ဖြစ်ထွန်း ဝါးမြိုနေတာကို မြင်တွေ့နေကြတာပါ။   

လာအိုနိုင်ငံရဲ့ ‌ရေးဘေးသင့် ကျေးလက်တစ်ခုမှာ ဆိုဒဲလီ ဆိုတဲ့ သားဖွားဆရာမတစ်ဦးနဲ့ မကြာခင်က တွေ့ခဲ့ပါတယ်။ သူမဟာ ယာယီဒုက္ခသည်စခန်းကို ရောက်ဖို့ ခါးအထိ နက်တဲ့ ရေထဲ အချိန်အတော်ကြာ ဖြတ်လျှောက်ခဲ့ရတာပါ။ သူမကျောပိုးအိတ်ထဲမှာတော့ သားဖွားထောက်ကူပစ္စည်းတွေကို စနစ်တကျ ထုတ်ပိုးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစခန်းမှာ သားဖွားခါနီးကိုယ်ဝန်ဆောင်သည် သုံးဦးထက်မနည်း ရှိနေတယ်ဆိုတာ သိထားလို့ပါပဲ။

“ရေကျချိန်အထိ စောင့်မယ်ဆိုရင် တချို့မိခင်လောင်းတွေအတွက် အချိန်နှောင်းသွားလိမ့်မယ်” လို့ သူမက တွေးတွေးဆဆ ဆိုပါတယ်။ သူမရဲ့ ဆုံးဖြတ်လုပ်ကိုင်ချက်တွေဟာ ကပ်ဘေးတစ်ခု ကျရောက်တိုင်း ပထမဆုံးနဲ့ အမြန်ဆုံး ကိုယ်ထူကိုယ်ထ တုံ့ပြန်ဆောင်ရွက်နေကြတဲ့ လူထုခေါင်းဆောင် အသံတိတ်သူရဲကောင်းများစွာကို ထင်ဟပ်နေပါတယ်။ အဆိုပါ ဒေသခံကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ဒေသခံလူထုခေါင်းဆောင်များစွာနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

၂၀၂၄ ခုနှစ်မှာ UNFPA ဟာ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ အရေးပေါ်အခြေအနေ ၄၆ ခုကို ထောက်ပံ့ပေးခဲ့ပြီး အမျိုးသမီးနဲ့ မိန်းကလေး သန်းပေါင်းများစွာအတွက် ထိရောက်မယ့်အကူညီတွေ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့အခုအချိန်မှာတော့ အရင်းအမြစ်မရှိဘဲ ဒေသခံတွေကိုယ်တိုင် ဦးဆောင်ဦးရွက်ပြု လုပ်ဆောင်တဲ့ အကျပ်အတည်း တုံ့ပြန်မှု အစီအမံတွေကို အကောင်အထည် မဖော်နိုင်တော့ပါဘူး။

ဒီကနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြေခံအဆောက်အဦတွေကို ကာကွယ်ပေးမယ့်အပြင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို စောင့်ထိန်းလိုက်နာပြီး ဒေသခံလူထုခေါင်းဆောင်တွေကို အာဏာကုန်လွှဲအပ်ထားတဲ့ ဖြေရှင်းနည်းမျိုးကို ဦးထိပ်ထားတဲ့ အခြေအနေတရပ် လိုအပ်နေကြောင်း  တိုးပွားလာဆဲ အရေးပေါ်အခြေအနေတွေနဲ့ ပဋိပက္ခတွေက မီးမောင်းထိုးနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုတွေအပေါ် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ လိုပါတယ်။ ကျန်းမာရေးကုသခွင့်ဆိုင်ရာ လိုအပ်တဲ့အရင်းမြစ်တွေကို အစိုးရတွေနဲ့ ဒိုနာတွေက ထောက်ပံ့ပေးရပါမယ်။

လူသားချင်းစာနာမှုဆိုင်ရာ အခြေခံစည်းမျဥ်းရဲ့ အုတ်မြစ်ဖြစ်တဲ့ အပြစ်မဲ့အရပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို တိုက်ခိုက်အကြမ်းဖက်မှုတွေအတွက် ထုတ်ဖော်တားမြစ်ဖို့ လိုအပ်ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ဟာ ကမ္ဘာ့လူသားချင်းစာနာမှုနေ့ ဖြစ်ပါတယ်။ ဒီအချိန်သမယမှာ ကျွန်ုပ်တို့အနေနဲ့ အန္တရာယ်ကြားက ကိုယ်ဝန်ဆောင်တွေဆီ အရောက်သွားနေကြတဲ့ သားဖွားဆရာမတွေ၊ ကျည်ဆန်တွေအောက်က ဆက်လက်ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဝေးလံခေါင်သီတဲ့ ရပ်ရွာတွေအထိ အခြေခံ ကျန်မာရေး ပစ္စည်းတွေ အသက်ရင်းပြီး ပို့ဆောင်ပေးနေတဲ့ လူငယ်စေတနာ့ဝန်ထမ်းတို့နဲ့အတူ ရပ်တည်ကြပါစို့။

ကိုးကား – The Jakarta Post

ဘာသာပြန်သူ - အက္ခရာ

စာရေးသူ Pio Smith ဟာ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်ပါတယ်။

(The Jakarta Post မှာ ဖော်ပြထားတဲ့ Pio Smith ရေးတဲ့ “Why health workers need urgent protection and funding” ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ထားတာ ဖြစ်ပါတယ်။)

The Tanintharyi Times