တော်ဝင် အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ သက်ဆင်အမှုက ကွင်းလုံးကျွတ် လွတ်မြောက်

တော်ဝင် အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ သက်ဆင်အမှုက ကွင်းလုံးကျွတ် လွတ်မြောက်

ထိုင်းဘုရင် နဲ့ တော်ဝင်မိသားစုကို ပုတ်ခတ်ပြောဆိုတယ်လို့ စွပ်စွဲခံရပြီး တော်ဝင် အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက် သွားပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဘုရင်ကို သိက္ခာကျစေတဲ့ ပြောဆိုသုံးနှုန်းမှုနဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးမှာ အမှုရင်ဆိုင်နေရတာမှာ ဩဂုတ် ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ တရားသူကြီးက အဆိုပါအမှုကို ပယ်ချလိုက်တယ်လို့ ထိုင်းသတင်းတွေဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၂၅ ခုနှစ်က တောင်ကိုးရီးယား သတင်းဌာနတခုနဲ့ တွေ့ဆုံမေးမြန်းရာမှာ တော်ဝင်ဘုရင်မင်းမြတ်ကို သိက္ခာကျစေသလို ပြောဆို သုံးနှုန်းခဲ့တာနဲ့ မမှန်မကန်သတင်းအချက်အလက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

သူ့ကို ထိုင်းစစ်တပ်က တရားလိုပြုလုပ်ပြီး အစိုးရရှေ့နေအဖွဲ့က ပုဒ်မ ၁၁၂ နဲ့တကွ ကွန်ပြူတာဥပဒေနဲ့ပါ အရေးယူဖို့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို ဒီနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ပြန်လည်ကြားနာ ခဲ့ပြီးနောက် တရားရုံးက တရားသေလွတ်ပေးလိုက်ပါတယ်။

အမှုကြားနာပွဲ ကို သက်ဆင်ကိုယ်တိုင်လာရောက်ခဲ့တာဖြစ်ပြီး ဒီမတိုင်ခင်တော့ သက်ဆင်ဟာ တော်ဝင်အရေဖျက်မှုအတွက် အာမခံနဲ့ လွတ်မြောက်ခွင့် ရနေတာ ဖြစ်ပါတယ်။

အဆိုပါ အမှုမှာ တရားလိုတွေ က သက်သေအဖြစ်တင်ပြလာတဲ့ အသံဖိုင်ဟာ အင်တာဗျူးတခုလုံးမဟုတ်ဘဲ အစိတ်အပိုင်းတချို့ကိုသာ လိုအပ်သလို ဖြတ်တောက်ထားတာဖြစ်ပြီး ဘုရင်ကိုတိုက်ရိုက်ဦးတည် ပြောဆိုထားတာ မဟုတ်တဲ့အတွက် ခိုင်လုံမမှုရှိကြောင်း သက်ဆင်ရဲ့ ရှေ့နေ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်ထုံတန် ရှင်နာဝပ်ဟာလည်း ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်း ပြောဆိုခဲ့တဲ့ အသံဖိုင်တွေပေါက်ကြားခဲ့တာကြောင့် အခြေခံဥဒေခုံရုံးမှာ တရားရင်ဆိုင်နေရပြီး ဝန်ကြီးချုပ်ရာထူးလည်း ဆိုင်းငံ့ ခံထားရပါတယ်။

ယဉ်ကျေးမှုဌာနဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဖယ်ထုံတန် ရဲ့ အမှုကိုတော့ ဩဂုတ်လ ၂၁ ရက်နေ့က ကြားနာခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှာ အမိန့်ချမှာပါ။ အဲ့ဒီနေ့ဟာ ဖယ်ထုံတန်ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။

ကိုးကား – ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times