ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာပါတဲ့ ရွာတွေကို စစ်တပ်က နောက်တစ်ကြိမ်စစ်ကြောင်းထိုး ၊ ဒေသခံ ငါးရာကျော်အရေးပေါ်တိမ်းရှောင်နေရ
ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာပါတဲ့ ရွာတွေကို စစ်တပ်က နောက်တစ်ကြိမ်စစ်ကြောင်းထိုး ၊ ဒေသခံ ငါးရာကျော်အရေးပေါ်တိမ်းရှောင်နေရ

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးစီမံကိန်းဇုန်အတွင်းပါဝင်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ရွာသုံးရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၇ နာရီခန့်ကတည်းကနေ ကျေးရွာချင်းဆက်နေတဲ့ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်ရွာတွေဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် လူဦးရေငါးရာထက်မနည်း အရေးပေါ် နေရပ်စွန့်ခွာနေရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ရှိတယ်လို့လည်း ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
“စစ်တပ်က ရွာထဲနှံ့နေပြီ။ သူတို့ထက် နည်းနည်းပဲ အပြေးစောသွားတာ။ တစ်တောင့်နားလိုက် နီးလာပြီဆို ပြန်ပြေးလိုက်နဲ့ အခြေအနေကြည့်ပြီးပြေးနေရတုန်းပဲ။” လို့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အခုလ ၁၉ ရက်နေ့က မူးဒူးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်ငါးဆောင်နဲ့ ဆိုင်ကယ်ရှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွေးရာပါစကားမပြောနိုင်တဲ့ အရပ်သားတစ်ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဖြစ်ပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်မှာတော့ လဲရှောင်ရွာထဲက လူမရှိတဲ့နေအိမ်တစ်ဆောင်မှာ ထမင်းချက်ပြီး ရှိနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ဖို့လာတာဆိုတော့ နယ်မြေရှင်းလင်းရေးလုပ်မလား သို့မဟုတ်ရေနက်ဆိပ်ကမ်းကိုပဲ ပြန်ဝင်မလားဆိုတာကတော့ မသိသေးဘူး။ ဧကနိတွေဘက်ကိုပဲ ဆက်ပြီးတိုးနိုင်မလားဆိုတာကလည်း အတိအကျတော့မပြောနိုင်သေးဘူး။” လို့ ရေဖြူ(ပကဖ)အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားအစိုးရနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ်ပြောပြီး နှစ်လအကြာမှာ စီမံကိန်းဧရိယာအတွင်း စစ်ကောင်စီတပ်က အခုလို စစ်ရေး လှုပ်ရှားလာတာဖြစ်ပါတယ်။
ရေဖြူမြို့နယ်အလားတူ သရက်ချောင်းမြို့နယ်က ဆင်ကူး၊ ဘုတ်ကိုင်းရွာနှစ်ရွာ ရွာလုံးကျွတ်နေရပ်စွန့်ခွာခဲ့ရပြီး အနီးအနားရွာက ဒေသခံတချို့လည်း ရှောင်ပြေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၂၀ ရက်နေ့က ဗီဂိုးကားတစ်စီး၊ ဘရိုဘောက်ကားငယ်နှစ်စီး၊ စစ်တပ်ကားအကြီးနှစ်စီး၊ သရက်ချောင်းမြို့နယ် ဆင်ကူးရွာကိုရောက်လာပြီးမကြာခင်မှာပဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
ပစ်ခတ်တာရပ်ပြီးနောက် စစ်ကောင်စီတပ်က ဆင်ကူးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာလှည့်လည်နေထိုင်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ရွာထဲစစ်တပ်လာပြီးဆိုတာနဲ့ ဘာပဲဖြစ်ဖြစ် အကုန်ထားခဲ့ပြီး ပြောင်းလာတာ။ အခုထိတော့ ရွာမပြန်ရဲသေးဘူး။ ရွာထဲမှာဘာတွေဖြစ်နေမှန်းလဲမသိဘူး။ စစ်တပ်တွေတော့ မနက်က အားလုံးပြန်ထွက်သွားပြီကြားတယ်။” လို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဆင်ကူးရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကားငယ်သုံစီးကတော့ တိုက်ပွဲဖြစ်တဲ့နေ့ ညနေမှာပဲ ဆင်ကူးရွာကနေ သရက်ချောင်းမြို့ မြို့မရပ်ကွက်ဘက်ကို ပြန်ထွက်သွားပြီး နောက်စစ်တပ်ကားကြီးတစ်စီးကတော့ အခုလ ၂၁ ရက်နေ့မှာ ထွက်သွားတယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေက ဆိုပါတယ်။
နောက်ထပ်စစ်တပ်ကားအကြီးတစ်စီးကတော့ ဒီကနေ့မနက်မှ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေပြန်ထွက်သွားပြီဖြစ်တဲ့အတွက် ပြည်သူအများစုကတော့ နေရပ်ပြန်နေကြပြီဖြစ်ပြီး လူဦးရေ ၁၅၀ ခန့်ကတော့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့မေလတုန်းကတော့ တနင်္သာရီတိုင်းက ပြည်သူခြောက်သောင်းကျော်စစ်ဘေးရှောင်ခဲ့ရတယ်လို့ တိုင်းအတွင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ စာရင်းတွေအရ သိရပါတယ်။
The Tanintharyi Times