တရားမဝင်ဆိုင်ကယ်သယ်တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းရဲလိုက်ဖမ်းချိန် မြစ်ထဲခုန်ချပြီး ထွက်ပြေးလွတ်မြောက်

တရားမဝင်ဆိုင်ကယ်သယ်တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းရဲလိုက်ဖမ်းချိန် မြစ်ထဲခုန်ချပြီး ထွက်ပြေးလွတ်မြောက်

ရုပ်သံ - Krisada Ekwanich (ระนองนิวส์)

ထိုင်းကနေ ကော့သောင်းဘက်ခြမ်းကို တရားမဝင်ဆိုင်ကယ်သယ်ယူ​နေတဲ့မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးချိန်မှာ နှစ်နိုင်ငံနယ်စပ်က ပါချန်မြစ်ကိုရေကူးပြီး ထွက်ပြေးလွတ်‌‌​မြောက်သွားတယ်လို့ ထိုင်းစစ်တပ်ရဲ့ အမှတ်(၂၅) ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့က မနက် ၁၀ နာရီလောက်မှာ ရနောင်းခရိုင်၊ ကရဘူရီမြို့အတွင်း ကနေ ပါချန်မြစ်ကိုဖြတ်ပြီး ဆိုင်ကယ်တွေ နိုင်ငံပြင်ပကိုခိုးထုတ်နေတယ်လို့ သတင်းရတာကြောင့် အမှတ်(၂၅)ခြေမြန်တပ်ရင်းက လိုက်လံဖမ်းဆီးချိန်ဆီအုန်းခြံအနီးမှာ ဆိုင်ကယ်နှစ်စီးနဲ့ စက်လှေတစ်စီးကိုတွေ့ရတယ်လို့ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကိုတွေ့တာကြောင့် မြန်မာနိုင်ငံသားနှစ်ဦးက ရပ်ထားတဲ့လှေကိုဆွဲထုတ်ဖို့ကြိုးစားရင်း ရေထဲကိုခုန်ချကာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့သိရပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ လှေကိုသိမ်းဆည်းနိုင်ခဲ့ပြီး လှေပေါ်မှာတင်ထားတဲ့ YAMAHA Finn 115 i အမျိုးအစားမီးခိုးရောင်ဆိုင်ကယ်နဲ့ YAMAHA GYTR 155 R အမျိုးအစား ဆိုင်ကယ်တို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ခြေမြန်တပ်ရင်းဘက်ကတော့ အဲဒီဖြစ်စဥ်ကို ဆက်လက်စုံစမ်း စစ်ဆေးပြီးဥပဒေအရ အရေးယူဖို့လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလ ၁၈ရက် ညနေပိုင်းကလည်း ရာဘာပြားကီလို ၃၀၀၀ ကျော်ကို ပါချန်မြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းတရားမဝင်ပို့ဆောင်နေတဲ့ လှေတစ်စီးကို အမှတ်(၂၅)ခြေမြန်တပ်ရင်းကပဲ ဖမ်းဆီးခဲ့ပါသေးတယ်။

အဲဒီဖြစ်စဥ်မှာလည်း လှေထဲကရာဘာပြားတွေ ကားပေါ်ကိုသယ်ယူနေတဲ့ အမျိုးသား ၇ ဦးဟာ ထိုင်းရဲတွေဖမ်းဆီးချိန် ရေထဲကိုခုန်ဆင်းပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပြီးကူးခတ်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်နဲ့ မြန်မာနိုင်ငံ ကော့သောင်းခရိုင်ကိုခြားထားတဲ့ ပါချန်မြစ်မှာ တရားမဝင်ပစ္စည်းသယ်ယူတာ၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာတွေ အရင်ကလည်း မကြာခဏရှိခဲ့ဖူးပါတယ်။

The Tanintharyi Times