ထားဝယ်၊ အ‌ရှေ့တောမှာ KNU နဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်တိုက်ပွဲပြန်ဖြစ်

ထားဝယ်၊ အ‌ရှေ့တောမှာ KNU နဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်တိုက်ပွဲပြန်ဖြစ်

ပုံစာ - ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ KNU ဘက်ကသိမ်းပိုက်ခဲ့တဲ့ KTLA စခန်းတစ်ခု။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက မေတ္တာ-ထီးခီးလမ်းပေါ်မှာ KNU တပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KNU တပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဇန်နဝါရီလအစပိုင်းတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် အခုလလယ်ပိုင်းအထိ နှစ်ဖက်အခြေအနေ ပြန်လည်ငြိမ်သက်နေခဲ့တာပါ။

အခုလ ၁၈ ရက်နေ့မှာတော့ KNU တပ်မဟာ ၄ နဲ့ တပ်မဟာ ၆ ကတပ်ဖွဲ့ဝင်တွေ ကားနဲ့သွားတဲ့အချိန် မေတ္တာ-ထီးခီးလမ်းပေါ်က ရင်ကွဲတောင်အနီးမှာ ကော်သူးလေတပ်မတော်ဘက်က ကြားဖြတ်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“KNU ကားခုနစ်စီးနဲ့ သွားနေတဲ့အချိန်ကို ကြားဖြတ်ပြီးပစ်တယ်။ ကားတန်းနဲ့သွားနေတဲ့အချိန်ပေါ့နော်။ ဒီကနေစပြီးဆက် ဖြစ်ကြတာပဲ။ လက်နက်ကြီးတွေရောပါတယ်” လို့ ‌ဒေသခံတစ်ဦးကပြောပါတယ်။

KNU ကားတန်းပစ်ခတ်ခံရပြီးနောက် ၁၉ ရက်နေ့မှာလည်း အဲဒီနေရာတစ်ဝိုက်မှာ နှစ်ဖက်တပ်ဖွဲ့တွေ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း KNU ဘက်က တပ်ဖွဲ့ဝင် အနည်းဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကော်သူးလေတပ်မတော် KTLA ဘက်ကလည်း တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်လို့ စုံစမ်းသိရပါတယ်။

တိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ တာဝန်ရှိသူနဲ့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ တာဝန်ရှိသူတို့ကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

တိုက်ပွဲဖြစ်ပွားနေချိန်တွေမှာ မေတ္တာ-ထီးခီးလမ်းပေါ်က အရပ်သားကားတွေ ဆက်သွားလို့မရဘဲ ပိတ်မိနေခဲ့ တယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မေတ္တာ-ထီးခီးလမ်းကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကော်သူးလေတပ်မတော်က သွားလာခွင့်ပိတ်ခဲ့ပြီး ဇန်နဝါရီလပထမပတ်မှာတော့ KNU တပ်မဟာ ၄ ဘက်ကပါသွားလာခွင့် ပိတ်ထားတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်မယ့်ကားတချို့ လမ်းအခြေအနေကြည့်ပြီး သွားလာတာတွေရှိခဲ့ပေမဲ့ အခုလက်ရှိမှာတော့ အသွားအလာမရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

The Tanintharyi Times