စစ်ဘေးရှောင်တဲ့ ရှပ်ပုံရွာသားတွေကို စစ်ဆေးရေးဂိတ်တွေမှာ ထွက်ခွင့်မပေးဘဲ ပိတ်ထားတာတွေ ရှိနေ

စစ်ဘေးရှောင်တဲ့ ရှပ်ပုံရွာသားတွေကို စစ်ဆေးရေးဂိတ်တွေမှာ ထွက်ခွင့်မပေးဘဲ ပိတ်ထားတာတွေ ရှိနေ

ပုလောမြို့နယ်၊ ရှပ်ပုံရွာက ‌စစ်ရှောင်ပြေးတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ဂိတ်တွေကနေ ဖြတ်သန်းခွင့်ပိတ်ပင်တာတွေနဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရွာကထွက်တာနဲ့ကို ပုလောတံတားထိပ်မှာ စစ်ခံနေရပြီ။ နင်တို့ရွာသားတွေက အတော်ဆိုးတယ်။ အိမ်ကို မီးရှို့ပစ်မယ်နဲ့ ကြိမ်းမောင်းခံရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှပ်ပုံရွာသားဆိုတာနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပိုက်စိပ်တိုက်စစ်ဆေးမေးမြန်းတာကိုခံရပြီး တခြားရွာတွေဘက်ကို သွားခွင့်မပေးတဲ့အပြင် ပုလောမြို့နယ် အခြေစိုက် ခလရ (၂၈၅) တပ်ရင်းရှေ့ကဖြတ်သွားသူတွေကိုလည်း ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ရွာမှာမနေဘဲ နီးစပ်ရာနေရာတွေကိုရှောင်မယ်လုပ်တော့ ရှပ်ပုံရွာသားတွေဆို ဂိတ်တွေက ဖြတ်ခွင့်မပေးဘူး” လို့ ဒေသခံကဆက်ပြောသလို ကုန်းလမ်းရော ရေလမ်းကိုပါ ပိတ်ထားတာမျိုးတွေ ရှိနေလို့ ရွာထဲမှာပဲ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြိတ်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်တွေကိုလည်း ဧည့်စာရင်းမတိုင်တာကို အကြောင်းပြပြီး ပြန်နှင်လွှတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

ရွာထဲမှာတော့ လက်နက်ကြီးပစ်တာတွေ မနေ့ကတည်းက ရပ်နားနေတာ တွေ့ရပြီး ငြိမ်သက်နေတဲ့အနေအထားမှာရှိနေပေမဲ့ တိမ်းရှောင်နေတဲ့ ဒေသခံတွေကတော့ နေအိမ်မပြန်ရဲဘဲ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲ နေထိုင်နေကြဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မြိတ်မြို့ရှိ ဆိပ်ကမ်းတစ်နေရာမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့ ရှပ်ပုံရွာက ဒေသခံ ၃၀ ကျော်ကို ရဲယူနီဖောင်းဝတ်ထားတဲ့သူတွေက ပိုက်ဆံတစ်သိန်း အတင်းလှူပြီး အတင်းအဓမ္မဓာတ်ပုံရိုက်ယူတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပိုက်ဆံအလုံအလောက်ပါပါတယ်။ ပိုက်ဆံလှူတာကိုတော့ မယူပါရစေနဲ့ ပြောတာကို မရဘဲ အတင်းပေးတာတဲ့။ ပိုက်ဆံတစ်သိန်းပေးပြီး ဓာတ်ပုံရိုက်မယ်ပြောလို့ ရိုက်ခံခဲ့ ရသေးတယ်တဲ့ ” လို့ ကာယကံရှင်နဲ့ ဆွေမျိုးနီးစပ်သူ တစ်ဦးက တစ်ဆင့် ပြန်ပြောပြပါတယ်။

ပုလောမြို့နယ်ရှိ ရှပ်ပုံရွာမှာ စစ်ကောင်စီက စစ်ကြောင်းထိုး၊ မီးရှို့၊ လက်နက်ကြီးနဲ့ ပစ်နေတာ တစ်ပတ်ရှိနေပါပြီ။

The Tanintharyi Times