လောင်းလုံးတိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က စစ်သားတစ်ဒါဇင်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က သုံးဦးကျဆုံး

လောင်းလုံးတိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က စစ်သားတစ်ဒါဇင်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က သုံးဦးကျဆုံး

လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလ ဒုတိယအပတ်က စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က စစ်သား အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်ကတော့ သုံးဦးကျဆုံးခဲ့တယ်လို့ ဆိုရပါတယ်။

“ရဲဘော်တွေက တိုက်ပွဲဖြစ်ပွားရင်းကျဆုံးတာပါ။ နှစ်ကြိမ်ဖြစ်တာပေါ့။ ပထမတစ်

ကြိမ်မှာ နှစ်ယောက်ကျတယ်။ ရဲဘော်ဘဦးက ဒုတိယတစ်ကြိမ်မှာကျတာ” လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို အင်အား ၁၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာခဲ့ပြီး လက်ရှိအချိန်ထိလည်း ရွာမှာတပ်စွဲထားတယ်လို့ သိရပါတယ်။

အဲဒီနေ့ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီနီးပါးအကြာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။

နိုဝင်ဘာလ ၁၂ ရက်မှာ စစ်အုပ်စုတပ်တွေ ရင်းဘုတ်ရွာ ဆီအုန်းတောကိုထွက်လာချိန်မှာ ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုတပ်အထိနာပြီးပြန်ဆုတ်သွားခဲ့တယ်လို့သိရပါတယ်။

အလားတူ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာလည်း စစ်အုပ်စုစစ်ကြောင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DNLA(ဒရုန်းအဖွဲ့)၊နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ(၇)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

The Tanintharyi Times