ဆောင်းကာလမှာ ကလေးတို့ကျန်းမာစေဖို့ သိထားသင့်တဲ့ အိမ်တွင်းကုထုံး
ဆောင်းကာလမှာ ကလေးတို့ကျန်းမာစေဖို့ သိထားသင့်တဲ့ အိမ်တွင်းကုထုံး

ရာသီဥတုတစ်ခုကနေ တစ်ခုပြောင်းတဲ့အချိန်မှာ လူကြီးတွေထက် ကလေးတွေမှာ ပိုပြီး ရောဂါဝေဒနာတွေ ခံစားကြရပါတယ်။
အထူးသဖြင့်ဆောင်းကာလမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ အရေပြားဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။
မိုးကာလနဲ့ ဆောင်းကာလတွေမှာဆို ကလေးတွေဟာ ရေသောက်နည်း သွားလေ့ရှိကြတယ်။ ရေသောက်နည်းတာကြောင့် အရေပြားယားယံတာ၊ အလာဂျီ (allergic) ထတာနဲ့ ရေဓာတ် ဆုံးရှုံးတာတွေ ဖြစ်လာတတ် ပါတယ်။ကလေးတွေအရေပြားယားယံရာကနေ အသားပတ် ခြင်းအထိ ဖြစ်ပေါ်လာပါက အသားအလှဆီတွေ လိမ်းပေးနိုင်ပါတယ်။
သောက်သင့်တဲ့ ရေပမာဏ
– ၆လသားကနေ တစ်နှစ်အထိသောက်သင့်တဲ့ရေပမာဏက ရေဖန်ခွက်တစ်ခွက်ခွဲစာ သောက်ပေးရမှာပါ။(တစ်လီတာရေသန့်ဗူးရဲ့ လေးပုံ တစ်ပုံစာ)
– တစ်နှစ်ကနေ လေးနှစ်ဆိုရင် ရေကိုဖန်ခွက်နဲ့ သုံးခွက်၊ လေးခွက်အထိ တိုက်ပေးသင့်ပါတယ်။
– လေးနှစ်နဲ့အထက်ဆိုရင် လေးခွက်ကနေငါးခွက်အထိ တိုက်ပေးသင့်ပါတယ်။
အထူးသဖြင့် ဝမ်းလျှောဝမ်းပျက်ဖြစ်နေချိန်၊ဖျားနေချိန်နေမှာ ရေဓာတ်ခမ်းခြောက်ခြင်းမရှိဖို့သာမန်အချိန်တွေထက် ရေပိုသောက်ပေးသင့်ပါတယ်။
ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် ကလေးတွေမှာ အသက်ရှုခြင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ချောင်းဆိုး၊ ရင်ကြပ်ခြင်းတွေလည်းဖြစ်တတ်ပါတယ်။ မိမိတို့ကလေးတွေ ချွဲကြပ်တာ၊ ချောင်းဆိုးတာတွေ ဖြစ်တဲ့အခါ သူတို့ရဲ့ ရင်ဘတ်ကို နွေးနွေးထွေးထွေးဖြစ်စေဖို့အထူးဂရုပြုရပါမယ်။
– ကလေးရဲ့ကျောနဲ့ ရင်ဘတ်ကို နှမ်းဆီ(သို့)မုန်ညှင်းဆီ နွေးနွေးလေးလိမ်းပေးသင့်ပါတယ်။
– ရင်လူးဆေးရှိရင်လည်းလိမ်းပေးနိုင်ပါတယ်။
– ကွမ်းရွက်ကို မီးကင်ပြီး ကျောနဲ့ရင်ဘတ်တွေမှာ ကပ်ပေးနိုင်ပါတယ်။ကွမ်းရွက်ကိုမီးကင်ပြီးရလာတဲ့အရည်ကိုလက်ဖက်စားဇွန်းတစ်ဇွန်းခန့်တိုက်ပေးတာကလည်း ခံစားနေရတဲ့ ချွဲကြပ်၊ချောင်းဆိုးတာတွေကို သက်သာစေမှာဖြစ်ပါတယ်။ (တစ်နှစ်အောက်ကလေးတွေကိုတော့ ကွမ်းရွက်မီးကင်အရည် မတိုက်ရပါဘူး။)
– ကလေးချောင်းဆိုးရင်ကြပ်တာတွေမဖြစ်စေဖို့ ဆီကြော်စာတွေ၊ ချွတ်ဆေးတွေ သုံးထားတဲ့ မုန့်တွေကို မကျွေးသင့်ပါဘူး။
– သကြားဓာတ်လွန်ကဲတဲ့ အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေကိုလည်းသတိထား ရှောင်ရှားသင့်ပါတယ်။
ဒါ့အပြင် ဆောင်းတွင်းမှာ အခြားအချိန်တွေထက် ဝမ်းချုပ်တာ ဖြစ်လေ့ရှိပါတယ်။
– ကလေးတွေ ဝမ်းချုပ်တာ မဖြစ်စေဖို့ လမ်းလျှောက်ပေးတာ၊ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ ကျွေးတာတို့ ပြုလုပ်ပေးနိုင်ပါတယ်
ကလေးဆိုတာ အိပ်ရာထဲသေးပါတတ်တာမို့ ဆောင်းတွင်းမှာ ကလေးအအေးမပတ်စေဖို့အနှီးကို မကြာ၊ မကြာ လဲပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
– ဥတုအေးလွန်းတဲ့ နေ့တွေမှာ ရေအေးချိုးပေးတာကိုရှောင်ကြဉ်ပြီး နေလှမ်းထားတဲ့ရေ (သို့) ရေနွေးစပ်ထားတဲ့ရေနဲ့ ချိုးပေးသင့်ပါတယ်။
မိမိတို့ကလေးဖျားနာခြင်းက ကင်းဝေးဖို့ အကျီ၊ ဘောင်းဘီတွေ ထူထူထဲထဲ ဝတ်ထားပေးဖို့လိုပါတယ်။ကလေးတို့ အဝတ်အစားတွေကို ပိုးမွှားတွေ ကင်းစင်စေဖို့ မီးပူတိုက်ပေးတာ၊ နေလှန်းခြင်း ပြုလုပ်ထားသင့်ပါတယ်။
– ဆောင်းကာလမှာ မိမိတို့ကလေးတွေ ကျန်းမာနေစေဖို့ ကလေးတို့ရဲ့ခြေလက်တွေကို အေးစက်ခြင်းရှိမရှိ မကြာ၊ မကြာစမ်းပေးသင့်ပါတယ်။အကယ်၍ အေးစက်နေပါက နွေးသွားအောင်လုပ်ပေးသင့်ပါတယ်။

မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးတွေကိုလည်း ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အသက်ခြောက်လအထိ မိခင်နို့ရည်ကိုပြည့်ပြည့်၀၀တိုက်ကျွေးသင့်ပါတယ်။ကလေးကိုနွေးနွေးထွေးထွေးနဲ့သန့်သန့်ရှင်းရှင်းထားပေး ရပါမယ်။ကာကွယ်ဆေးကို ပြည့်ပြည့်၀၀ထိုးထားပေးသင့်ပါတယ်။
အကယ်၍မိမိတို့ကလေးဟာ အသက်ရှုတိုင်းတရွှီရွှီမြည်တာ၊ ပုံမှန်ထက်အသားတွေပြာတာ၊ နှုမ်းခမ်းတွေ ပြာနေတာ၊ နုံးပြီး မှိန်းတာတွေ ဖြစ်ပေါ်နေပါက နီးစပ်ရာဆေးပညာရှင်တွေထံ ကလေးကိုသွားရောက်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times