အသတ်ခံရတဲ့ ဘီလာရုစ်မော်ဒယ် ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတာမဟုတ်ဘူးလို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

အသတ်ခံရတဲ့ ဘီလာရုစ်မော်ဒယ် ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတာမဟုတ်ဘူးလို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

Photo - ကျားဖြန့် ဂိုဏ်းတွေဆီမှာ လူကုန်ကူးသတ်ဖြတ်ခံရတဲ့ ဘီလာရုစ် မော်ဒယ်

မြန်မာပိုင်နက်ထဲက ကျားဖြန့် ဂိုဏ်းတွေဆီမှာလူကုန်ကူးသတ်ဖြတ်ခံခဲ့ရတဲ့ ဘီလာရုစ်နိုင်ငံက အဆိုတော်၊ မော်ဒယ် ဗီရာ ခရာ့ဗ်ဆိုဗာ ဟာ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတာမဟုတ်ပဲ မြန်မာနိုင်ငံ ရန်ကုန် လေဆိပ်ကို တရားဝင် သွားရောက်ခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ပါတယ်။

ဘီလာရုစ် အဆိုတော်၊ မော်ဒယ်လ် ဗီရာ ခရာ့ဗ်ဆိုဗာ ဟာ ထိုင်းနိုင်ငံအတွင်း ပြန်ပေးဆွဲခံရပြီး မြန်မာနိုင်ငံ က ကျားဖြန့်ဂိုဏ်းတွေထံ လူကုန်ကူးခံရတယ်ဆိုတဲ့ သတင်းတွေကို ထိုင်းရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့တယ်လို့ ထိုင်း သတင်းတွေမှာဖော်ပြထားပါတယ်။

သူမဟာ ရန်ကုန်ကို တရားဝင်လမ်းကြောင်း နဲ့ သုဝဏ္ဏဘူမိ လေဆိပ်ကနေ သွားရောက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘီလာရုစ် အဆိုတော်၊ မော်ဒယ် ဟာထိုင်းနိုင်ငံမှာ မော်ဒယ်လုပ်ငန်းလုပ်ဖို့ လာရောက်ခဲ့ပေမဲ့ မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့ပြီးမှ ပြန်ပေးဆွဲံ လူကုန်ကူးခံရတာဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗီရာ ခရာ့ဗ်ဆိုဗာ ဟာ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်ကို စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁၂ နာရီ ၄၁ မိနစ် မှာ ရောက်လာပြီး စက်တင်ဘာလ ၂၀ ရက်နေ့၊ မနက် ၇ နာရီ ၂၀ မိနစ်မှာ ထိုင်းလေကြောင်းလိုင်း TG301 ဖြင့် ရန်ကုန် လေဆိပ်ကိုထွက်ခွာသွားတဲ့ CCTV မှတ်တမ်းတွေကို လည်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ဖော် ပြသခဲ့ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချန်ရွန် ရင်ဖာဒီ (Chengron Rimphadee) က “ပျောက်ဆုံးသွားတဲ့ ဗီရာ ခရာ့ဗ်ဆိုဗာ (Vera Kravtsova) ရဲ့ ခရီးသွားလာမှု မှတ်တမ်းတွေ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ဒေတာတွေ ကျနော်တို့ အသေးစိတ်ခြေရာခံနိုင်ပါပြီ။ သူရန်ကုန် ကိုထွက်ခွာသွားခဲ့ပါတယ်”လို့ပြောပါတယ်။

ဘီလာရုစ် အဆိုတော် ခရာ့ဗ်ဆိုဗာ ဟာ သူ့ရဲ့ သဘောအတိုင်း လူဝင်မှုကြီးကြပ်ရေးစနစ်တွေကို ကိုယ်တိုင်ဖြတ်ကျော်ကာ မြန်မာနိုင်ငံကိုသွားရောက်ဖို့စီစဉ်ခဲ့တာသာဖြစ်ပြီး သူ့ကို ခြိမ်းခြောက် အကျပ်ကိုင်သူ မရှိဘူးလို့လည်း လေဆိပ် CCTV မှတ် တမ်းတွေကဖော်ပြနေကြောင်း ထိုင်းရဲ တပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ရဲ့ကောက်ချက်အရတော့ ဘီလာရုစ် အဆိုတော် ခရာ့ဗ်ဆိုဗာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိပြီး မှ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်ဂိုဏ်းတွေ ဆီ လူကုန်ကူးခံရတာဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။

တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ နိုင်ငံခြားရေးရာဌာနမှူး နဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချာတူရာဖတ် ဖီရွမ်ကဲ(ဝ်) က “ထိုင်းနိုင်ငံဟာ လုံခြုံစိတ်ချရတယ်ဆိုတာကို ကျွန်တော်တို့ လူတိုင်းကို အာမခံချင်ပါတယ်။ သတင်းတွေ ထွက်ပေါ်နေသလိုမျိုး နိုင်ငံခြားသားတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ လူကုန်ကူးဖို့အတွက် ပြန်ပေးဆွဲတာမျိုး မရှိပါဘူး” လို့ပြောဆိုထားပါတယ်။

ဘီလာရုစ်နိုင်ငံက အဆိုတော်၊ မော်ဒယ် ဗီရာ ခရာ့ဗ်ဆိုဗာ မြန်မာနိုင်ငံဘက်ကို လိမ်လည်ခေါ် ဆောင်ခံရပြီး လူကုန်ကူးသူတွေက သူမရဲ့ ဖုန်းနဲ့ နိုင်ငံကူးလက်မှတ်ကိုပါ သိမ်းဆည်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ရိုက်နှက်နှိပ်စက်ခိုင်းစေခံခဲ့ရတယ်လို့ လည်း ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန ကလာတဲ့သတင်းတွေကသိရပါတယ်။

အဲ့ဒီနောက် ရန်ကုန်မှာရှိတဲ့ ကိုယ်တွင်းကလီစာ မှောင်ခိုဂိုဏ်းတွေ လက်ထဲ ထပ်ဆင့်ရောင်းစားခံရပြီး သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်တွင်းကလီစာ မှောင်ခိုဂိုဏ်းတွေ ဟာ ဘယ်လာရုစ်က မိသားစုဝင်တွေထံ ဆက်သွယ်ပြီး အလောင်းပြန်လိုချင်ပါက ဒေါ်လာ ၅ သိန်း ( ထိုင်းဘတ် ၁၈ သန်း) ခန့် ငွေညှစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေပြီးတဲ့နောက်က မိသားစုဝင်တွေက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်၊Khaosod

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times