ပုလောက ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ
ပုလောက ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ
ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
မနေ့က နေ့လည် ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ပုလောမြို့အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ(၂၈၅)က ဒရုန်းလွှတ်ပြီး ကျောင်းနိမ့်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဝင်းနဲ့ ဦးသိန်းဝင်းတို့နှစ်ဦးမှာ နောက်ကျောနဲ့ မျက်လုံးအနီးတဝိုက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးသီးတွေက ရွာထဲကလမ်းဘေးရေမြောင်းတွေထဲကျတာ။ ဗုံးကဘယ်နှလုံးမှန်းတော့ မသိဘူး။ တခါချရင် လေးလုံး မဟုတ်ရင် ခြောက်လုံးပဲ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အခုနှစ် ဧပြီလကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးလာချလို့ ကျောင်းနိမ့်ရွာက အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။
အခုနှစ် မတ်လထဲမှာတော့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ကင်းထောက်လာပြီး ပုလောမြို့အခြေစိုက် ခလရ(၂၈၅)တပ်ရင်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့လို့ တော်လှန်ရေးရဲဘော် ၃ ဦးအပြင် အရပ်သား ၂ ဦးပါ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
The Tanintharyi Times
