တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရ

တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရ

ပုံစာ-တောင်ပျောက်တိုက်နယ်က စစ်ဘေးရှောင်ပြည်သူတွေ။(ပုံဟောင်း) ဓာတ်ပုံ-တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့။

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေစစ်ဘေးရှောင်ပြေးနေရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မနက် ၄ နာရီလောက်ကတည်းက စစ်ကောင်စီတပ်သားအင်အား တစ်ရာကျော် တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာ ရဲစခန်းကိုရောက်ရှိနေပြီး အလယ်စုရွာနဲ့ ဝင်းကဖော်ရွာတွေထဲကိုစစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

“စစ်ကြောင်းထိုးတော့မယ်ဆို သူတို့က သဲချောင်းကြီးရဲစခန်းမှာအရင်အင်အားစုလေ့ရှိတယ်။ အဲဒါသိလို့ ပြည်သူတွေကလည်း မနက်နေရောင်မြင်ကတည်းက ရွှေ့ရခက်တဲ့သက်ကြီးရွယ်အိုတွေကို ရွှေ့နေရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းထိုးနေချိန်အတောအတွင်း အမျိုးသားတချို့ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးထားတာတွေရှိနေတယ်လို့လည်း ဒေသခံတွေရဲ့ ဆိုပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် သဲချောင်းကြီးရွာနဲ့ကပ်ရက်ဖြစ်တဲ့ ကျွဲခြံရွာ၊ အလယ်စုရွာတွေအပါအဝင် တိုက်နယ်ထဲမှာရှိတဲ့ ရွာကိုးရွာက ဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဖြတ်လေးဖြတ်ဖြတ်ထားတာကလည်း နှစ်နှစ်ကျော်သွားပြီဆို‌တော့ ပြည်သူတွေက ကိုယ့်အိုးကိုယ့်အိမ်တွေဆီပြန်နေကြတာရှိတယ်။ အခုတော့ အကုန်ပြန်ရှောင်နေရပြီ” လို့ တောင်ပျောက်တိုက်နယ်ကအမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ရှောင်ကူညီနေသူတွေအနေနဲ့လည်း စစ်ကြောင်းထိုးလာရင် ရွှေ့ရမဲ့နေရာတွေကိုကြိုတင်စီစဥ်ချပေးထားတာမျိုးတွေလုပ်ပေးထားလို့ အဲဒီအစီစဥ်အတိုင်းရွှေ့နေကြတယ်လို့ အဆိုပါအမျိုးသမီးကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားအင်အား ၃၀ လောက်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေတပ်စွဲထားလေ့ရှိတဲ့ သဲချောင်းကြီးရွာဟာ တိုက်နယ်ရဲ့အဝင်ဝမှာရှိတာဖြစ်ပါတယ်။

တိုက်နယ်ထဲက တစ်ရွာနဲ့တစ်ရွာဟာ သိပ်မဝေးတာကြောင့် အဲဒီရဲစခန်းမှာ အင်အားတိုးပြီဆိုတာနဲ့ စစ်ဘေးကြိုရှောင်လေ့ရှိကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လပိုင်းထဲမှာဖြစ်ခဲ့တဲ့တိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲဖြစ်ပြီး အဲဒီအချိန်နောက်ပိုင်း ဒီကနေ့မှာမှ ပြန်လည်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

The Tanintharyi Times