ရန်ကုန်-ထားဝယ် ကားလမ်း အရှေ့ဘက်က PDF စခန်းတစ်ခု အသိမ်းခံရ
ရန်ကုန်-ထားဝယ် ကားလမ်း အရှေ့ဘက်က PDF စခန်းတစ်ခု အသိမ်းခံရ

ရန်ကုန်-ထားဝယ်ကားလမ်း အရှေ့ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၇ ရက်နေ့ကစလို့ ထားဝယ်မြို့နယ်၊ ရေဝိုင်းရွာဘက်ကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးပြီးတစ်ရက်အကြာ အခုလ ၁၈ ရက်နေ့မှာတော့ ကင်းကုန်းရွာအနီးက ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို သိမ်းပြီး မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စခန်းတော့ပါသွားပါတယ်။ ရဲဘော်တွေတော့ ကြိုပြီး စခန်းစွန့်သွားကြတာ။ ထိခိုက်မှုမရှိကြဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နယ်မြေရှင်းလင်းချိန် ကင်းကုန်းကျေးရွာအနီးမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး PDF စခန်းတစ်ခုကို သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် PDF အလောင်းတစ်လောင်း၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ ၄၀ မမ ဗုံးသီးလောင်ချာ သုံးလက်၊ ဗုံးသီး ၁၀ လုံးနဲ့ မိုင်းရှာစက်တစ်လုံးတို့ကို သိမ်းမိခဲ့တယ်လို့လည်း စစ်ကောင်စီလော်ဘီချန်နယ်တွေက ဆိုပါတယ်။
ဒေသခံတွေကတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီဘက်က ရွာသားတစ်ဦးကို PDF ဖြစ်တယ်လို့ စွပ်စွဲပြီး ပစ်သတ်ထားတယ်လို့ သတင်းကြားရကြောင်းပြောပါတယ်။
“အခု ရွာထဲပြန်မဝင်ရဲကြသေးတော့ မသိသေးဘူးပေါ့။ ရွာသားတစ်ယောက်ကိုပစ်သတ်ထားတယ်တော့ကြားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် သိမ်းမိတဲ့လက်နက်ခဲယမ်းတွေဟာလည်း အသုံးပြုလို့မရတော့တဲ့ လက်နက်ခဲယမ်း အဟောင်းတွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေ ကင်းကုန်းရွာအနီးတစ်ဝိုက်နဲ့ စစ်ကြောင်းဝင်လာတဲ့ လမ်းတစ်လျှောက်မှာ တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် စစ်ဘေးရှောင်နေရတဲ့ ရဲအိုင်၊ ပဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ ပခပ်အင်း၊ ကင်းကုန်းနဲ့ ရေဝိုင်းကျေးရွာတွေက ဒေသခံတစ်ထောင်ဝန်းကျင်ဟာ လက်ရှိ ငါးရက်ကြာတဲ့အထိ စစ်ဘေးရှောင် နေရဆဲဖြစ်ပါတယ်။
The Tanintharyi Times