အာဏာရှင် ယန္တရားကို ဖြိုလှဲပစ်သူများ (သို့) CDMers

အာဏာရှင် ယန္တရားကို ဖြိုလှဲပစ်သူများ (သို့) CDMers

အချိန်ကာလကို ရေတွက်ကြည့်လိုက်ရင် လေးနှစ်တိုင်ခဲ့ပြီ။ လေးနှစ်ဆိုတဲ့ အချိန်ဟာ သက်တောင့်သက်သာ နေခွင့်ရသူအတွက် ကြာလှတယ် မထင်ရပေမယ့် ဆင်းရဲဒုက္ခနွံထဲ နစ်နေသူအတွက်တော့ နေ့တာညတာပေါင်းများစွာဟာ ရှည်ကြာလွန်းလှပါတယ်။

ရှည်ကြာလှတဲ့ ဒီအိပ်မက်ဆိုးနွံထဲမှာ ရုန်းကန်ရှင်သန်နေရပေမယ့် အာဏာရှင် ယန္တရားစက်ကွင်းကနေ ရုန်းထွက်ပြီး အမှန်တရားဘက် ရပ်တည်နေတဲ့ ပြည်သူ့သူရဲကောင်းတို့ရဲ့ ဇွဲသတ္တိဟာ လေးစားအတုယူစရာပါ။

အခုဆိုရင် ဓမ္မဘက်တော်သားတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖက်ဆစ်တပ်ရဲ့ ပြိုလဲကျရှုံးခန်းကို နေရာအတော်များများမှာ တွေ့မြင်လာရပါတယ်။ ပြည်သူ့တော်လှန်ရေး အောင်ပွဲရလာပြီး အာဏာရူးတစ်စု အခုလို အရူးမီးဝိုင်း ဖြစ်ရတာက လက်နက်ကိုင်တော်လှန်ရေးဟာ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ပြောလို့ရပါတယ်။ ဒါပေမယ့် လက်နက်ကိုင်‌ တော်လှန်ရေးတစ်ခုတည်းကြောင့်လို့ ပြောရင်တော့ မှန်မှာ မဟုတ်ပါဘူး။

လက်နက်ကိုင်တော်လှန်ရေးအပြင် စစ်အာဏာရှင်ကို ရဲရဲရင့်ရင့် တော်လှန်နေတဲ့ တစ်ခြားသော စစ်မျက်နှာစာများစွာ ရှိနေပါသေးတယ်။ အဲဒီတော်လှန်မျက်နှာစာ မျိုးစုံထဲက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်သလို အာဏာရှင်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့တဲ့ စစ်မျက်နှာစာတစ်ခုမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ CDM လုပ်ဆောင်တာ ဖြစ်ပါတယ်။

မတရားတဲ့ အမိန့် အာဏာ ဥပဒေ တို့ကို ဆန့်ကျင်ရာမှာ ပြည်သူအားလုံး ပါဝင်နိုင်တဲ့(Civil Disobedience Movement – CDM) လှုပ်ရှားမှုဟာ စစ်အာဏာသိမ်းစအချိန်ကတည်းက ခိုင်မာအားကောင်းစွာပဲ ပြည်သူအများက လုပ်ဆောင်ခဲ့ကြပါတယ်။

စစ်အာဏာရှင် ယန္တရား ရပ်တန့်သွားရင် အာဏာသိမ်းမယ့် အစီအစဉ်လည်း လဲပြိုပျက်စီးသွားမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင် ဌာနအသီးသီးကနေ သတ္တိရှိရှိ စွန့်ခွာခဲ့ကြပါတယ်။

စစ်အာဏာသိမ်း နှစ်စပိုင်းတွေမှာ ‘ရုန်းမတက်နဲ့ ရုံးထွက်’ ဆိုတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ သောင်းသောင်းဖြဖြ အားပေးထောက်ခံမှုကို ရရှိခဲ့ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ CDMer တွေအတွက် အားပေးမှု အသံတွေဟာ မှေးမှိန်မှန်းမသိ မှေးမှိန်လာခဲ့ပါတယ်။

CDMer တွေရဲ့ အရေးကို ဘေးချိတ်ထားသလို ဖြစ်သွားစေတာကလည်း အကြောင်းအမျိုးမျိုး ရှိမှာပါ။ ပြည်သူတွေဟာ စားဝတ်နေရေး ကျပ်တည်းသထက် ကျပ်တည်းလာတာ၊ လုံခြုံမှု ကင်းမဲ့သထက် ကင်းမဲ့လာတာ၊ စစ်ပွဲပဋိပက္ခဒဏ်ကိုလည်း အလူးအလဲ ခံနေရတာ စတဲ့ ဘက်ပေါင်းစုံက ဆင်းရဲဒုက္ခတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။

ဖက်ဆစ်တပ်ရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်နှောင့်ယှက်မှု၊ ဖမ်းဆီးနှိပ်စက်မှုကြောင့်လည်း CDM လုပ်ဆောင်ထားကြသူတွေဟာ သိုသိုသိပ်သိပ်နဲ့ ကိုယ်ယောင်ဖျောက် နေထိုင်ကြရပါတယ်။ ပြည်တွင်းမှာ နေထိုင်ရသူ CDM တစ်ယောက်အနေနဲ့ ကိုယ်နှုတ်နှစ်ပါး လျှို့ဝှက်သိုသိပ်နိုင်မှ အန္တရာယ်စက်ကွင်းက လွတ်ကင်းနိုင်မှာ မဟုတ်လား။

CDM လုပ်ဆောင်ထားသူ အတော်များများက အလုပ်လက်မဲ့ ဖြစ်သွားရသလို ဘယ်သူ့ဆီက ဘာအကူအညီမှ မရဘဲ ကြုံရာကျရာ အသက်မွေးဝမ်းကြောင်း ပြုနေကြရပါတယ်။ စားဝတ်နေရေး ပြေလည်နေသူ CDMer တွေအတွက် မထောင်းသာလှပေမယ့် တချို့ကတော့ မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ ခက်ခဲကျပ်တည်းလှပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးစ အချိန်ကတည်းကနေ ဒီနေ့အထိ CDM လုပ်ထားကြတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ ရင်ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုမှာ အခုလို ရေးထားပါတယ်။

သူတို့ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တွေကို လုပ်ကြရတယ်။ မြေပဲနှုတ်၊ ကြက်သွန်တူး၊ ဝင်းထရံတိုင် အငှားတူး၊ ပန်းရံနောက်လိုက် စတဲ့ အလုပ်ကြမ်းမျိုးစုံ လုပ်ရရှာသတဲ့။ ဒါတောင် မနက်လင်းလာလို့ စားစရာမရှိ  လက်ထဲငါးရာတန်တစ်ရွက်သာ ရှိတဲ့နေ့တွေလည်းရှိသတဲ့။

ဒီလို အခက်အခဲမျိုးစုံ ကြုံရပေမယ့် အစကတည်းက နောင်တ ကင်းသလို အခုထိလည်း ခေါင်းကိုမော့ထားတုန်းပဲ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ် တဲ့။ စနစ်ဆိုးတစ်ခု ပြိုကျဖို့အတွက် ပြည်သူ့သူရဲကောင်းတွေရဲ့ သတ္တိသွေးဟာ ရဲမြဲရဲလျက်ပါပဲ။

၂၀၂၃ ခုနှစ်မှာတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်း”ထုတ်ဝေခဲ့တာ ရှိပေမယ့် အပြည့်အဝ အသက်ဝင်လာမယ့် အချိန်ကို မျှော်လင့်စောင့်စား‌ နေရဆဲ ဖြစ်ပါတယ်။

“CRPH, NUCC, NUG တို့၏ (၂) နှစ်တာ လှုပ်ရှားမှုများ” အချက်အလက်ပြ အစီရင်ခံစာမှာ လုပ်ငန်းခွင် စွန့်ခွာတဲ့ ပြည်သူ့ဝန်ထမ်းပေါင်း (၃၈၀၀၀၀) ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။ “CDM Medical Network” စာရင်းအရ အာဏာသိမ်း နှစ်နှစ်ခွဲကျော် ကာလအထိ CDM ပြုလုပ်ထားတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။

ယုံကြည်ချက် မခိုင်မာလို့ဖြစ်စေ၊ အခက်အခဲတွေကြောင့် ဖြစ်စေ၊ အကြောက်တရားကြောင့် ဖြစ်စေ စတဲ့အ ကြောင်းအမျိုးမျိုးကြောင့် CDM လုပ်တာကို စွန့်လွှတ်လိုက်ပြီး မူလလုပ်ငန်းခွင်ဆီ လည်ပြန်သွားကြသူတွေလည်း ရှိပါတယ်။

ယုံကြည်ချက်လျော့ရဲသူတွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ဖြတ်ကျော်ဖို့ လက်လျှော့လိုက်တာမျိုး ရှိပေမယ့် တော်လှန်ရေးအပေါ်မှာ ခိုင်မာထက်သန်တဲ့ ယုံကြည်ချက်နဲ့ အခုအချိန်ထိ အလံမလှဲစတမ်း ကြံ့ကြံ့ခံနေတဲ့ CDMer တွေလည်း များစွာရှိနေပါတယ်။

CDMer တွေဟာ ရရာအလုပ် လုပ်ကိုင်အသက်မွေးရင်း တိုင်းပြည်မှာ စနစ်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ ကိုယ့်ဘဝကိုယ် စတေးပြီး အားတင်းရပ်တည်နေဆဲပါ။ တချို့ကတော့ CDM လုပ်ရုံတင် မကဘဲ တော်လှန်ရေးရဲ့ တခြားစစ်မျက်နှာ တစ်ခုခုမှာလည်း ပါဝင်တာဝန်ထမ်းဆောင် နေကြပါသေးတယ်။

ဒီဖေဖော်ဝါရီ လဆန်းပိုင်းမှာပဲ စစ်အာဏာသိမ်းစအချိန်ကနေ ဒီနေ့အထိ CDM ဆက်လုပ်နေဆဲ ပြည်သူ့ဝန်ထမ်းကောင်းတို့ရဲ့ ရင်ဖွင့်စကားသံကို CDMer တစ်ဦးရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။ တော်လှန်ရေးကာလ လေးနှစ်ပြည့်နဲ့အတူ သူတို့တစ်တွေရဲ့ CDM သက်တမ်းလည်း လေးနှစ်ပြည့်သွားပါပြီ။

လေးနှစ် CDM လုပ်ခဲ့ကြတဲ့ လူအယောက် ၆၀၀ ကျော်ရဲ့ ယုံကြည်မှု၊ ဇွဲသတ္တိနဲ့ အားမာန်တွေ၊ စိတ်ခံစားမှုတွေကို နားထောင်ခွင့် ရခဲ့ပါတယ်။ နေရာဒေသ၊ အလုပ်အကိုင်၊ စွန့်ခွာခဲ့တဲ့ လုပ်ငန်းခွင် ဌာန မတူညီကြပေမယ့် သူတို့တစ်တွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေက အားလုံး ကြီးမားကြပါတယ်။

လုပ်သက် အနှစ် ၄၀ ကျော်ကို စွန့်လွှတ်ပြီး ကျန်းမာရေးလည်းမကောင်း၊ ဝင်ငွေလည်း မရှိပေမယ့် ဘယ်တော့မှ နောင်တမရတဲ့ CDM အဖိုးကြီးတစ်ဦး။ ကိုယ်တိုင်က ခက်ခဲကြပ်တည်းလှပေမယ့် တောထဲလက်နက်ကိုင် တိုက်ပွဲဝင်လူငယ်တွေကို ပိုသနားနေမိတဲ့ CDM ကျောင်းဆရာမတစ်ဦး။ အမှန်တရားအတွက် ရပ်တည်နေတဲ့ ဘဝပေါင်းများစွာဟာ မြန်မာပြည်အနှံ့မှာ အားခဲရှင်သန်နေကြဆဲပါ။

စိတ်ဓါတ်ကျတာ၊ အနာဂတ်ပျောက်တာ၊ ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်မှုကို ခံရတာ၊ စိုးတထိတ်ထိတ် မလုံခြုံမှုနဲ့ နေထိုင်နေရတာ၊ စားဝတ်နေရေး ခက်ခဲကြမ်းတမ်းတာ၊ ကျန်းမာရေး ထိခိုက်တာ စတဲ့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှုမျိုးစုံ ကြုံနေရပေမယ့် ပြည်သူတွေ လိုလားတဲ့ စနစ်ကောင်းတစ်ခု တိုင်းပြည်မှာ မလည်ပတ်မချင်း CDM လုပ်ဆောင်တာကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူးတဲ့။

ပြည်သူတွေ မလိုလားတဲ့ စနစ်ဆိုးကြီး ပြိုလဲဖို့အတွက် လုပ်ငန်းခွင် စွန့်ခွာပြီး အကြမ်းမဖက် အာဏာဖီဆန်ခဲ့တဲ့ ဒီလေးနှစ်တာကာလမှာ အဆိုးလောကဓံ ခံရတာချင်း မတူညီကြပေမယ့် စိတ်ဓါတ် ခိုင်မာပြတ်သားကြတာချင်းတော့ အားလုံးတူညီနေကြပါတယ်။

“မီးရှို့တတ်တဲ့ မကောင်းဆိုးဝါးတွေကို လေမပင့်ပေးခဲ့တာနဲ့တင် အမြဲကျေနပ်ရတယ်” တဲ့။ CDM ဆရာမတစ်ဦးရဲ့ မြင့်မြတ်တဲ့ ခံယူချက် စိတ်ထားလေးတစ်ခု။ ဒီလို သစ္စာတရား ကြီးမားတဲ့ လူသားတွေ နေထိုင်ရာအရပ်မှာ အာဏာရူး စစ်မိစ္ဆာတို့ရဲ့ ကျရှုံးခန်းဟာ မလွဲမသွေ ရောက်ရစမြဲပါ။

တော်လှန်ရေး အောင်မြင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးက အရေးကြီးသလို စစ်အာဏာရှင်ကို အကြမ်းမဖက် အာဏာဖီဆန်ရဲတဲ့ နိုင်ငံ့သားကောင်းတွေရဲ့ လုပ်ရပ်ကလည်း ထပ်တူအရေးကြီးပါတယ်။

ကျွန်မတို့ ပြည်သူတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က CDMer တွေကို အကူအညီပေးနိုင်ဖို့ ကြိုးစားကြရအောင်ပါ။ အချင်းချင်းကမ်းတဲ့ မေတ္တာလက်နဲ့ဆိုရင် ဘယ်လောက်ကြမ်းတဲ့ ခရီးဖြစ်ဖြစ် ပန်းတိုင်ရောက်အောင် ရုန်းကန်ဖြတ်သန်း နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။     ။

ငြိမ်းပန်

The Tanintharyi Times