ရှပ်ပုံရွာမှာ နေအိမ် ၅ လုံး၊ စပါးကျီ တစ်လုံးနဲ့ ရာဘာခြံ မီးရှို့ခံရ

ရှပ်ပုံရွာမှာ နေအိမ် ၅ လုံး၊ စပါးကျီ တစ်လုံးနဲ့ ရာဘာခြံ မီးရှို့ခံရ

Photo- မီးလောင်ကျွမ်းခဲ့တဲ့ ရှပ်ပုံရွာကနေအိမ်တွေ။

မြိတ်ခရိုင်၊ ပုလောမြို့နယ် ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်ဘက်က အခုလ ၁၉ ရက်မှာ ရှို့ခဲ့တဲ့ မီးကြောင့် ဒေသခံနေအိမ် ၅ လုံး၊ စပါးကျီ ၁ လုံးနဲ့ ရာဘာခြံ တစ်ခြံ လောင်ကျွမ်းသွားခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ရွာလယ်ရပ်ကွက်၊ ဆီတောင်လမ်းမှာရှိတဲ့ နေအိမ်တစ်ဆောင်ကို မီးစရှို့ရာကနေ အိမ်ဘေးမှာရှိတဲ့ စပါးကျီကို မီးကူးပြီး ကျန်တဲ့အိမ်တွေကိုပါ မီးဆက်လောင်ခဲ့တာလို့ သိရပါတယ်။

“အိမ်တစ်ဆောင်ဖြစ်ဖို့ ကျွန်ခံပြီးဆောက်ထားရတာလို့ပြောရင်ပိုမှန်မယ်။ နေရာအနှံ့ နိုင်ငံအနှံ့မှာ ကျွန်လိုက်ခံပြီး တည်ဆောက်ထားရတာ။ တန်ဖိုးဆိုတာဖြတ်လို့ကိုမရဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နေအိမ်တွေအပြင် ရှပ်ပုံရွာ အထက်တန်းကျောင်းအနီးက ရာဘာခြံတစ်ခြံကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီရာဘာခြံကနေ မီးကူးပြီး စာသင်ကျောင်း မှန်တံခါးတွေ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

“စာသင်ကျောင်းမှာ မီးစကူးတော့ သူတို့ပဲရှို့ သူတို့ပဲ မီးလိုက်ငြိမ်းတယ်။ ဘာလို့ဆို အဲနားမှာ သူတို့တပ်စွဲထားတာကိုး” လို့ ဒေသခံက ဆက်ပြောပြပါတယ်။

ရှပ်ပုံရွာ ရဲ့ လက်ရှိ အခြေအနေမှာ အထက်တန်း ကျောင်း အနီးနားတစ်ဝိုက်နဲ့ ဝါးတန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကင်းပုန်းတွေချထားပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ‌အကြမ်းဖက် လုပ်ရပ်တွေကြောင့် ရှပ်ပုံရွာထဲရှိ အိမ်ခြေ ၂,၅၀၀ ကျော်က လူဦးရေ ၁၅,၀၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေ‌နဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေး‌တိမ်းရှောင်နေကြရပြီး ဒီကနေ့ထိ အိမ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

ရှပ်ပုံရွာမှာ ယခုလ ၁၆ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

The Tanintharyi Times