စစ်ဘေးရှောင်သွားတဲ့ ရှပ်ပုံရွာသားတွေ ပြန်မလာရင် အိမ်တွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီထောက်တိုင်တွေ ခြိမ်းခြောက်
စစ်ဘေးရှောင်သွားတဲ့ ရှပ်ပုံရွာသားတွေ ပြန်မလာရင် အိမ်တွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီထောက်တိုင်တွေ ခြိမ်းခြောက်
ပုလောမြို့နယ်၊ ရှပ်ပုံရွာက ဒေသခံတွေကို ရွာထဲပြန်လာမနေရင် အိမ်တွေကို မီးရှို့ဖျက်ဆီး ပစ်မယ်လို့ စစ်ကောင်စီထောက်တိုင်တွေက ခြိမ်းခြောက်ပြောဆိုနေသလို ရွာထဲမှာလည်း စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိနေတဲ့အတွက် မပြန်ရဲဘဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“(အိမ်မှာပြန်နေဖို့) လိုက်ပြောနေတာက စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ကြီးအကြံပေး၊ ဦးနီ လို့ခေါ်တယ်။ တော်တော်ဆိုးဝါးပါတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ရွာထဲမှာ ကျန်ရှိနေတဲ့အတွက် ဒေသခံတွေဟာ ရွာထဲမပြန်ရဲဘဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ရွာထဲမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ ကျည်တွေက ၁၂၀ မမ ကျည်တွေလို့ ပြောဆိုနေကြတာလည်း ရှိပါတယ်။
“တချို့ရွာသားတွေဆို ပန်ကာဒလက်လို့တောင်ထင်နေကြတာ။ လက်နက်ကြီးမှန်းတောင်မသိကြဘူး။ ဆွဲတင်မယ်လုပ်နေကြလို့ အကျိုးအကြောင်းပြောပြီး တာယာဘီးတွေနဲ့ ဖုံးပေးခဲ့ရတယ်။” လို့ အကာအကွယ် ပြုလုပ်ပေးခဲ့တဲ့ ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိတဲ့ ဓာတ်ပုံအရ လက်နက်ကြီးကျည်ဆံက မြေကြီးထဲ စိုက်ဝင်နေပြီး ကျည်နောက်ဖူး ဒလက်သာ မြင်တွေ့ ရတဲ့ အနေအထားပါ။ အဆိုပါပုံထဲက ကျည်အပြင် တခြားနေရာတွေမှာလည်း မပေါက်တဲ့ ကျည်တွေရှိနေနိုင်တဲ့အတွက် ရုတ်တရက်ထပေါက်ကွဲမှာကိုစိုးရိမ်နေကြသလို နားလည်တတ်ကျွမ်းပြီး ယုံကြည်ရတဲ့ သူတွေက လာရောက်ရှင်းလင်းပေးတာကိုလည်း ဒေသခံတွေ လိုလားနေကြောင်း ပြောဆိုပါတယ်။
အခုလက်ရှိ ရှပ်ပုံရွာရဲ့ အခြေအနေက ရွာဘုန်းကြီးကျောင်းနဲ့ ဝါတန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်း နှစ်နေရာမှာ စစ်ကောင်စီကလက်နက်ကြီးတွေ တပ်ဆင်ထားပြီး အဲဒီနေရာတွေကနေ ရှပ်ပုံရွာထဲကို ပစ်ခတ်နေသလို ပုလောအခြေစိုက် ခလရ (၂၈၅) တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိနေတယ်လို့ သိရပါတယ်။
ရှပ်ပုံရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာ ၆ ရက်ရှိနေပါပြီ။
The Tanintharyi Times
