ထားဝယ် ကြက်စားပြင်ရပ်ကွက်မှာ ညဘက်ကင်းပုန်းဝပ်တာတွေရှိလာ

ထားဝယ် ကြက်စားပြင်ရပ်ကွက်မှာ ညဘက်ကင်းပုန်းဝပ်တာတွေရှိလာ

ဓာတ်ပုံ - ကြက်စားပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(ပုံဟောင်း)

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က သတ္တုရုံးမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်သားတချို့ လာရောက်ကင်းပုန်းဝပ်နေကြတယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီးည ၇ နာရီလောက်မှာစစ်ကောင်စီတပ်သားတွေကို ကားနဲ့လာချခဲ့တာဖြစ်ပြီး မနက် ၃ နာရီလောက်မှပြန်လာကြိုသွားလေ့ရှိတယ်လို့ သိရပါတယ်။

“ပစ်တာခတ်တာဘာမှမရှိဘူး။ တိတ်တိတ်ကလေးနေနေကြတာမျိုးပါ။ အဲဒါကပိုပြီးစိုးရိမ်ရတယ်။ ညဘက်မသိဘဲလာတဲ့ သူတွေကိုရန်ရှာနိုင်တယ်။ စောမိညိုလမ်းဆုံမှာလိုပေါ့” လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားဦးရေကတော့ ၅ ဦးဝန်းကျင်ရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကတော့ ဘုမ္မော်ရပ်ကွက် စောမိညိုဘုရားလမ်းဆုံမှာ မှောင်ရိပ်ခိုပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ခွေးအစာကျွေးဖို့ရောက်လာတဲ့ မြို့ခံအမျိုးသားနှစ်ဦးကိုပစ်သတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာတော့ ထားဝယ်မြို့ခံတွေဖြစ်တဲ့ ကိုဟိန်းဇော်အောင်နဲ့ ကိုအောင်အောင်တို့ သေဆုံးခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ စောမိညိုလမ်းဆုံအနီးမှာ ကင်းပုန်းဝပ်တာမျိုးမရှိတော့ဘူးလို့သိရပါတယ်။

ထားဝယ်မြို့ပေါ်မှာ ကင်းလှည့်တာနဲ့ နေအိမ်တွေမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေကိုတော့ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

The Tanintharyi Times