သိန္ဒောရွာက စစ်ကောင်စီတပ်ရှေ့တန်းစခန်း တိုက်ခိုက်ခံရ
သိန္ဒောရွာက စစ်ကောင်စီတပ်ရှေ့တန်းစခန်း တိုက်ခိုက်ခံရ
တနင်္သာရီမြို့နယ်၊ သိန္ဒောရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရှေ့တန်းစခန်းကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အခုလ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“အဲ့စခန်းမှာက လက်နက်ကြီး သုံးခုထိုင်ထားပြီး ကျေးရွာတွေကို အမြဲပစ်နေတာပါ။ လက်နက်ကြီး အမြဲပစ်တယ်။ အနီးနားကျေးရွာတွေကို စစ်ကြောင်း မကြာကြာထိုးတယ်။” လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း ဂိတ်စောင့်စစ်ကောင်စီတပ်သားတစ်ဦး လဲကျသွားတာကိုတွေ့မြင်ခဲ့ရတာမျိုးတွေ ရှိပေမဲ့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ၎င်းကဆက်ပြောပါတယ်။
ပစ်ခတ်မှုပြီးနောက် တိုက်ခိုက်ခံရတဲ့ရှေ့တန်းစခန်းကနေ လက်နက်ကြီးနဲ့ အနီးအနားရွာတွေကိုရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် သိန္ဒောရွာအထက်ပိုင်းက ခြေတံရှည်သစ်အိမ်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
ရွာသားတွေကတောာ့ ပစ်ခတ်သံတွေကြားတာနဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့အတွက် ထိခိုက်၊ သေဆုံးတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို SWDF နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အခုလ ၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်မှုကြောင့် လယ်သစ်ရွာက နေအိမ်နှစ်ဆောင် ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။
