ရေးမြို့၊ ကွမ်ကျိုက်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦး သေဆုံး
ရေးမြို့၊ ကွမ်ကျိုက်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦး သေဆုံး
တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး လည်းကျဆုံးခဲ့
မွန်ပြည်နယ်၊ ရေးမြို့နယ် (မြောက်ပိုင်း)၊ ကွမ်ကျိုက်ကျေးရွာ တိုက်ပွဲမှာ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ MSRF က ဒီကနေ့ ထုတ်ပြန်ထားတာပါ။
ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ကွမ်ကျိုက်ကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီစခန်းကို အပြီးသတ်စခန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ဒီတိုက်ပွဲမှာ ရန်သူရဲ့ စခန်းကို ကျနော်တို့ အပြီးသိမ်းနိုင်ခဲ့ပါတယ်၊ မီးရှို့ဖျက်ဆီးခဲ့ပါတယ်၊ လက်ရှိ အဲဒီနေရာမှာတော့ ဘာမှမရှိတော့ပါဘူး” လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ကွမ်ကျိုက်ကျေးရွာမှာ စစ်ကောင်စီ ခလရ (၁၀၆) နဲ့ ခမရ (၅၈၇) တို့ ပူးပေါင်းတပ်စွဲထားတာ ဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦး အပါအဝင် ၄ ဦး သေဆုံးသလို ၇ ဦးဒဏ်ရာရရှိကာ ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD က ရဲဘော်တစ်ဦးနဲ့ တောင်ညိုစစ်ကြောင်းကနေ ဒေါနတပ်ရင်းကို ပြောင်းလာတဲ့ ရဲဘော်တစ်ဦး၊ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး နောက်ထပ် ရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်နဂါးက အတည်ပြု ပြောဆိုပါတယ်။
“တိုက်ပွဲအတွင်းမှာ ပစ်ခတ်ရင်းနဲ့ ကျသွားတာပါ၊ ထိခိုက်ဒဏ်ရာရတဲ့တယောက်ကို တက်ဆွဲရင်းနဲ့ ကျတယ်လို့ ကြားပါတယ်၊ ဒါကိုတော့ အတည်ပြုလို့မရပါဘူး၊ ရဲဘော်တွေရဲ့ ရုပ်အလောင်းကို ပြန်လည်သယ်လာပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ သင်္ဂြိုလ်လိုက်ပါတယ်” လို့ MSRF ပြောခွင့်ရသူက ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ MA2 ၁ လက်၊ ကျည်တောင့် ၇၀၀ ကျော် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ တော်လှန်တပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
အခုစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင် (၂၇) ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD ၊ YRF ၊ YPDF တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားနေတဲ့ မွန်၊ ကရင်၊ တနင်္သာရီမှာ စစ်ကောင်စီတပ် အင်အားတွေ ထပ်တိုးလာနေပြီး တော်လှန်ရေးတပ်တွေ ဆက်လက်တိုက်ပွဲဖော်ဆောင်သွားရာမှာ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေ လိုအပ်နေသလို တခြားသော ဒေသမှာလို စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲ ဆင်နိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်တယ်လို့ MSRF ပြောခွင့်ရ နိုင်နဂါးက ပြည်သူတွေကို အသိပေးပြောဆိုထားပါတယ်။
The Tanintharyi Times
