ကော့သောင်းကမ်းနားလမ်းက ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်
ကော့သောင်းကမ်းနားလမ်းက ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်
ကော့သောင်းမြို့၊ ကမ်းနားလမ်းမှာရှိတဲ့ ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ခဲ့တယ်လို့ ကော့သောင်းမြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်မှာ မြို့မတံတားအနီး၊ ကိုးသုံးလုံးလှေဆိပ်အရှေ့က ဦးအေးဝင်းကုန်ခြောက်ကုန်စုံဆိုင် မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ခဲ့တဲ့ ကုန်စုံဆိုင်ဟာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး အပေါ်ထပ်တစ်ထပ်လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ မီးက ဘေးအိမ်တွေတော့မကူးပေမဲ့ ကုန်စုံဆိုင် အပေါ်ထပ်တစ်ထပ်လုံး မီးထဲပါသွားတယ်။ မီးကြီးတယ်လို့ ပြောရမယ်” လို့ အဲ့ဒီကော့သောင်းမြို့ခံ အမျိုးသားက ဆိုပါတယ်။
မီးလောင်ခဲ့တဲ့ ကုန်စုံဆိုင်ကို ကော့သောင်းမြို့၊ မီးသတ်ဦးဌာနက လာရောက် မီးငြှိမ်းသတ်ပေးခဲ့ပြီး မီးသတ်ကား သုံးစီး၊ ရေတင်ကားနှစ်စီးနဲ့ မိနစ်နှစ်နီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ကော့သောင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မီးလောင်မှုကြောင့် ကုန်စုံဆိုင်အပေါ်ထပ်မှာ သိုလှောင်ထားတဲ့ ကုန်ခြောက်ပစ္စည်းတွေအပြင် အခြားအသုံးအဆောင်ပစ္စည်းတွေလည်း ပျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့ခံတွေက ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအတိအကျကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times
