ဆီးရီးယားကိုကျော်ပြီး မြန်မာက မြေမြှုပ်မိုင်းကြောင့်သေဆုံးသူနဲ့ဒဏ်ရာရသူ အများဆုံးနိုင်ငံဖြစ်လာ

ဆီးရီးယားကိုကျော်ပြီး မြန်မာက မြေမြှုပ်မိုင်းကြောင့်သေဆုံးသူနဲ့ဒဏ်ရာရသူ အများဆုံးနိုင်ငံဖြစ်လာ

ဆီးရီးယားကိုကျော်တက်ပြီး မြန်မာက မြေမြှုပ်မိုင်းကြောင့်သေဆုံးသူ နဲ့ ဒဏ်ရာရသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ စစ်တမ်းတစ်စောင်မှာဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် သေဆုံးသူ နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရတဲ့ ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာပါ မြေမြုပ်မိုင်း တွေရှိလာတယ်လို့(ICBL) စစ်တမ်းက ဆိုပါတယ်။

မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံးနိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က မြေမြှပ်မိုင်းကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူ ၁,၀၀၃ ဦး ရှိခဲ့တယ်လို့ အချက်အလက်ကောက်ယူရရှိထားတယ်လို့သိရှိရပါတယ်။

သို့ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL) အနေနဲ့ မြန်မာနိုင်ငံအတွင်း တရားဝင်လေ့လာစောင့်ကြည့် ခွင့်မရှိပဲ ပေးပို့တဲ့ အချက်အလက်တွေကို သာ ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

“မြန်မာတစ်နိုင်ငံလုံးကိုစောင့်ကြည့်နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့မှာမရှိပါဘူး။ ဒီအချက်အလက်တွေဟာ မြေပြင်မှာတကယ်ဖြစ်နေတာထက်တောင်လျော့နည်းနေနိုင်ပါတယ်။ ဒီထက် နှစ်ဆသုံးဆလောက်ရှိမယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ ICBLအဖွဲ့က သုတေသီ ဒေါက်တာ Yeshua Moser-Puangsuwan က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီး တဲ့ထူးခြားဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့လို့ အရပ်သားတွေ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တာမျိုးတွေ ရှိခဲ့တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့ ဥယျာဉ်ခြံမြေတွေ မှာ စစ်တပ်က မြေမြုပ်ထောင်ထားပြီး နွားတစ်ကောင်က မြေမြုပ်မိုင်းနင်းမိတာကြောင့် စစ်ကောင်စီတပ် အရာရှိက ငွေကျပ် ၁၅ သိန်းခန့် နွားပိုင်ရှင်ဆီက ဖိအားပေး လျော်ကြေးတောင်းခံမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ဆီးရီးယားမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ (၉၃၃) ဦးရှိပြီး၊ ယူကရိန်း နဲ့ အာဖဂန်နစ္စတန်မှာတော့ ၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတွေအရတော့ မြေမြုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာသူတွေရဲ့ ၈၄ ရာခိုင်နှုန်းအရပ်သားတွေသား ဖြစ်ကြပြီး အဲ့ဒီထဲက ၃၇ ရာခိုင်နှုန်းကတော့ ကလေးသူငယ်တွေဖြစ်ကြတယ်လို့ မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ရဲ့ အစီရင်ခံစာကဆိုပါတယ်။

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times