အွန်လိုင်းလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို တရုတ်အစိုးရ ‘ဝ’ တပ်ဖွဲ့ လွှဲပြောင်း

အွန်လိုင်းလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို တရုတ်အစိုးရ ‘ဝ’ တပ်ဖွဲ့ လွှဲပြောင်း

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ကျားဖြန့်အွန်လိုင်းငွေကြေးလိမ်လည်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို တရုတ်အစိုးဆီ ‘ဝ’ တပ်ဖွဲ့ ကလွှဲပြောင်းပေးခဲ့တယ်လို့ Wa News Land ကနေ သိရပါတယ်။

‘၀’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ဝင်တွေဟာ တန့်ယန်းမြို့နယ်တဝိုက်ရှိ ကျားဖျန် အွန်လိုင်းလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်နေသူ ၁,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံ အစိုးရဆီ လွှဲပြောင်းပေးလိုက်တာ ဖြစ်တယ်လို့ UWSA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကို သတင်းမီဒီယာတွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။

“UWSA လှုပ်ရှားတဲ့ တန့်ယန်းနယ်မှာ ၁,၀၀၀ ကျော်ဖမ်းမိပါတယ်၊ ၇၆၂ ယောက်က တရုတ်ပြည်က တရုတ်လူမျိုးပါ၊ မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့နယ်ခြားဂိတ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ဦးညီရန်းက “၀” လူငယ်အသံကွန်ရက်ကို ပြောခဲ့ပါတယ်။

ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ Starlink အင်တာနက် ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ပျူတာ ၈၂ လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါ သက်သေပစ္စည်းတွေကိုလည်း တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကိုတော့ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမယ်လို့လည်း UWSA ပြောခွင့်ရသူက ဆိုထားပါတယ်။

တန့်ယန်းမြို့ကို ဝ တပ်ဖွဲ့ ထိန်းချုပ်ပြီးနောက် ကျားဖျန်လုပ်ကိုင်သူတွေကို ဖမ်းဆီးတာဟာ အခုပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးရမိတဲ့ တရုတိနိုင်ငံသားတွေ တရုတ်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးတဲ့ ဖြစ်စဉ်တွေတော့ ရှိခဲ့ဖူးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ပြီးနောက် ကိုးကန့်တပ်မတော်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေချိန် ဇူလိုင်လထဲမှာ UWSA တပ်ဖွဲ့က ရှမ်းမြောက်ရှိ တန့်ယန်းနယ်မြေထဲကို ဝင်ရောက်နေရာယူထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလကလည်း ၀ ထိန်းချုပ်နယ်မြေထဲမှာ ကျားဖျန်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို UWSA နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ပြီး နယ်စပ်ကနေတဆင့် တရုတ်အစိုးရဆီ လွှဲပြောင်းပေးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

The Tanintharyi Times