ပုလောတိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကို ရေလမ်းကနေ မြိတ်ကိုသယ်နေ

ပုလောတိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကို ရေလမ်းကနေ မြိတ်ကိုသယ်နေ

ပုလောမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနေ ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကို ကင်းမွန်မီးထွန်းလှေတွေနဲ့ မြိတ်မြို့ကို သယ်ယူနေတယ်လို့ မျက်မြင်တွေ့ရတဲ့ မြို့ခံတွေက ပြောပါတယ်။

ရက် အခုလ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ဒဏ်ရာရစစ်ကောင်စီတပ်သား ၃၀ ကျော်ကို တင်လာတဲ့ ကင်းမွန်မီးထွန်းလှေဟာ မြိတ်မြို့ ဆိပ်ငယ်ဘောတံတားကို ရောက်လာတယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းကနေတဆင့် စစ်တပ်ကားအကြီးတွေနဲ့ မြိတ်မြို့က (၅/၁၀၀)စစ်တပ်ဆေးရုံကို သယ်ယူသွားတယ်လို့ မျက်မြင်တွေ့ရတဲ့ မြို့ ခံက ဆိုပါတယ်။

“စစ်သားတွေက ပုလောကသယ်လာတာ။ အဲညက စစ်သားတွေလုံခြုံရေးယူထားတာ ဆိပ်ငယ်ဘောကနေ ဂဏန်းရုပ်ထုနားထိတောက်လျှောက်ပဲ။ ဘာဟာကွက်မှမရှိဘူး။” လို့ သူက ပြောပါတယ်။

ပုလောမြို့နယ်မှာ အခုလ ၁၁ ရက်နေ့က ပုလောမြို့နယ် တိုကျေးရွာအုပ်စု၊ ပိတပ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာခဲ့ပါတယ်။

ဒီလိုတင်းမာနေရာကနေ နောက် ၄ ရက်အကြာ အခုလ ၁၅ ရက်နေ့မှာတော့ နှစ်ဖက်ပစ်ခတ်မှုဟာ ပိုပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အပြင်းအထန်စဖြစ်တဲ့ ၁၅ ရက်နေ့မှာပဲ မြိတ်မြို့က ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးတံခါးတွေမှာ “အမျိုးသားနှစ်ဦးဆိုင်ကယ်စီးတာတွေ့ရင် ဆိုင်ကယ်ကို ၁၄ ရက်သိမ်းထားမယ်။ ရုံးချိန်းပြီးမှထုတ်ပေးမယ်။ ပြေးရင်တော့ ပစ်မယ်။” ဆိုတဲ့ စာသားပါအမိန့်စာရွက်ကိုကပ်ပြီးကြေညာချက်စထုတ်တယ်လို့ သိရပါတယ်။

ရက်ပိုင်းအတွင်း တိုက်ပွဲရက်ဆက်ဖြစ်နေတဲ့ ပုလောမြို့နဲ့ ကုန်းလမ်းမိုင်ငါးဆယ်ကျော်ဝေးတဲ့ မြိတ်မြို့မှာ အခုလိုကန့်သတ်တဲ့အမိန့်ဟာ တပြိုင်တည်းထွက်လာတာပါ။

ဒီအပေါ်မှာ မြို့ခံအမျိုးသားတစ်ဦးက “လမ်းကြောင်းရှင်းတဲ့သဘောနဲ့ဒီအမိန့်ကိုထုတ်တာပဲထင်တယ်။ ဘာလို့ဆို အရင်ကတည်းက ယောက်ျားနှစ်ယောက်မစီးရအမိန့်ကမြိတ်မှာရှိပြီးသားပဲ။ ဒီမှာ(မြိတ်မြို့)ဘာမှမဖြစ်ဘဲ ကောက်ကာငင်ကာနဲ့ ဘာလို့အခုမှထပ်ထုတ်တာဖြစ်မလဲ။” လို့ ပြောပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကိုသယ်လာတဲ့ စက်တင်ဘာလ ၁၈ ရက်ညမှာ ၈ နာရီခွဲလောက်က ရပ်ကွက်တချို့ မီးပျက်နေပြီး ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ရေလမ်းကတဆင့် ညဘက် ခိုးကြောင်ခိုးဝှက်သယ်ဖို့ အကွက်ကျကျစီစဥ်ထားသလိုဖြစ်နေတယ်လို့ အဆိုပါမြို့ခံအမျိုးသားက ဆက်ပြောပါတယ်။

မြိတ်မြို့ပေါ်မှာ အမျိုးသားနှစ်ဦးဆိုင်ကယ်မစီးရအမိန့်ထပ်ထုတ်ပြီးနောက် အခုလ ၁၈ ရက်နေ့ည ၇ နာရီခွဲလောက်က မြိတ်တောင်ရပ်ကွက်၊ မြို့သစ်လမ်းမကြီးပေါ်မှာ အမျိုးသားနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်ကို ညဘက်စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခအနည်းဆုံးဖြစ်တဲ့ မြိတ်မြို့က စစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေကို စစ်ကူမကြာခဏထွက်လေ့ရှိပြီး လမ်းမှာ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ အခုနှစ်အစကတည်းက အနီးအနားမြို့တွေဆီတပ်သားအင်အားဖြည့်တာ၊ စားနပ်ရိက္ခာနဲ့လက်နက်အင်အားဖြည့်တင်းတာတွေကို ရေလမ်းကိုသအဓိကထားပြီး ပြောင်းလဲအသုံးပြုလာနေပါတယ်။

The Tanintharyi Times