အသစ်ဖွဲ့စည်းတဲ့ ကော်သူးလေတပ်မတော်ကို လက်မခံဘူးလို့ KNLA စာထုတ်ပြန်
အသစ်ဖွဲ့စည်းတဲ့ ကော်သူးလေတပ်မတော်ကို လက်မခံဘူးလို့ KNLA စာထုတ်ပြန်

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော်(Kaw Thoo Lei Army) ကို အသိမှတ်ပြုလက်မခံဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAက ဒီကနေ့ ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ သုံးရက် ဇူလိုင် ၁၇ ရက်က ကော်သူးလေတပ်မတော် (KAW THOO LEI ARMY) ကို ဖွဲ့စည်းလိုက်ကြောင်းနဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဦးဆောင်မှာဖြစ်ကြောင်း VENOM စစ်ကြောင်းက မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီလို ဖွဲ့စည်းလိုက်တဲ့ ကိစ္စဟာ ကျိုးကြောင်းဆီလျှော်မှုမရှိတဲ့အတွက် KNLA နဲ့ KNDO တို့ကလက်မခံတာလို့ ဆိုပါတယ်။
ဖွဲ့စည်းလိုက်တဲ့ကော်သူးလေတပ်မတော်ဟာ KNDO နဲ့ KNLAခေါင်းဆောင်တပ်မှုးတွေရဲ့ သဘာထားကိုဆန့်ကျင်ပြီး တစ်ဦးတစ်ယောက်ရဲ့သဘောထားဆန္ဒနဲ့ဖွဲ့စည်းလိုက်တာသာဖြစ်တယ်လို့လည်း ထုတ်ပြန်စာမှာရေးသားထားပါတယ်။
VENOM စစ်ကြောင်းကရေးထားတဲ့ စာထဲမှာတော့ လက်ရှိစစ်ဦးစီးချုပ် စောရှီးလေဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDOဟာ NCAစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းဖြစ်သလို လက်ရှိပြည်သူတရပ်လုံးရဲ့လှုပ်ရှားမှုတွေမှာ အခက်အခဲတွေရှိနေတာကြောင့် ကော်သူးလေတပ်မတော်ကိုဖွဲ့စည်းရတာလို့ ဆိုပါတယ်။
ထားဝယ်ခရိုင်ကာကွယ်ရေးတပ်ဦးကတော့ ကော်သူးလေတပ်မတော်ရဲ့ တရားဝင်မဟာမိတ်အဖြစ် ဆက်လက်ပူးပေါင်းမှာဖြစ်ပြီး ထောက်ခံကြိုဆိုသွားမယ်လို့ လူထုကို အသိပေးထားပါတယ်။
The Tanintharyi Times