ကန်ချနဘူရီမှာ မြန်မာနိုင်ငံသား ၃၀ ကျော်နဲ့ တည်းခိုဖို့လက်ခံပေးတဲ့ကျောင်းထိုင်ဘုန်းကြီးဖမ်းဆီးခံရ
ကန်ချနဘူရီမှာ မြန်မာနိုင်ငံသား ၃၀ ကျော်နဲ့ တည်းခိုဖို့လက်ခံပေးတဲ့ကျောင်းထိုင်ဘုန်းကြီးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စိုင်ယို့ခ် မြို့နယ်မှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်နဲ့ ဘုန်းကြီးကျောင်းမှာ ယာယီတည်းခိုဖို့ လက်ခံပေးတဲ့ကျောင်းထိုင်ဘုန်းကြီးကိုပါ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၁၈ ရက်နေ့က ကန်ချနဘူရီခရိုင်၊ စိုင်းယို့ခ်မြို့နယ်လမ်းပေါ်မှာတန်ချိန်ပိုတင်ဆောင် မောင်းနှင်လာတဲ့ ဟိုက်လပ်ကားကို စစ်ဆေးဖို့ခေါ်ယူချိန် အရှိန်မြှင့်မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးရာမှာ အခုလိုဖမ်းမိခဲ့တာလို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
အဲဒီကားဟာ ကန်စီယန့်ရပ်ကွက်က၊ ဖရူမ်ဘန်ယို ဗုဒ္ဓပညာတောရကျောင်းထဲကို မောင်းဝင်သွားတာကြောင့် ဝင်ရောက်စစ်ဆေးချိန် ကျောင်းဝင်းအတွင်း အထုတ်အပိုးတွေနဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၄ ဦးကိုတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
“အဲဒီနေရာက ရိပ်သာလိုမျိုးပါ။ တောင်အနောက်ဘက်မှာရှိတာ။ သတင်းပေးရှိလို့ ဝင်ဖမ်းတာလို့ ကြားတယ်။ အခုတလောက အရင်ကနဲ့မတူတော့ဘူး တော်တော်ကိုဖမ်းတယ်” လို့ ကန်ချနဘူရီမြို့မှာနေထိုင်တဲ့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ကန်ချနဘူရီမြို့ပေါ်က စျေးတွေမှာလည်း မြန်မာနိုင်ငံသားစျေးသည်တွေကို ဖမ်းဆီးတာတွေလုပ်ဆောင်လာတာကြောင့် တော်တော်များများလုပ်ငန်းတွေရပ်နားထားရတယ်လို့ နေထိုင်နေသူတွေက ဆိုပါတယ်။
ဘုန်းကြီးကျောင်းအတွင်း ဖမ်းမိခဲ့တဲ့ထဲမှာ အမျိုးသား ၂၀ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ကလေးငယ် ၅ ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံသားတွေအပြင် သူတို့တည်းခိုနေတဲ့ကျောင်းက သက်တော် ၅၀ ရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဘုန်းကြီး ဖရာ့ နုပ်ဖဒွန်းကိုလည်း လူဝတ်လဲပြီးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းထိုင်ဘုန်းကြီးဟာ အရင်ကလည်း အခုလိုအထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက စွပ်စွဲပြီး ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်၊ စမွတ်ဆာခွန် ၊ဖန်ငါ့ ၊ကော့စမွေ ၊စူရတ်ထာနီမြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေဖြစ်သလို မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေလည်းပါတယ်လို့ သိရပါတယ်။
အခုလိုနယ်စပ်ဖြတ်ကျော်ဖို့အတွက် ပွဲစားခအဖြစ် တစ်ယောက်ကို ထိုင်းဘတ်ငွေ သုံးသောင်းကနေ ငါးသောင်းအထိအကုန်အကျခံပြီး နယ်စပ်ဖြတ်ကျော်လာသူတွေဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ထိုင်းအာဏာပိုင်တွေက ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၃၄ ဦး၊ ကားသမားနဲ့ ဘုန်းကြီးတို့ကို ကန်ချနဘူရီမြို့ ရဲစခန်းကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မနေ့က မနက်ပိုင်းမှာလည်း ကန်ချနဘူရီခရိုင်ထဲမှာ မလေးရှားကိုသွားဖို့ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးဖမ်းဆီးခံခဲ့ရပါသေးတယ်။
The Tanintharyi Times