အရှေ့တောဒေသ လွတ်မြောက်ရေးခရီး နီးပြီလား
အရှေ့တောဒေသ လွတ်မြောက်ရေးခရီး နီးပြီလား
မိုးဦးအစကာလ ထားဝယ်မြို့ အရှေ့ဘက် ထိုင်း-မြန်မာ နယ်စပ်မျဥ်းတစ်လျှောက်မှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ တက်သစ်စနေဝန်းနဲ့ ဖားစည်အလံဟာ လွင့်ပျံနေခဲ့ပါပြီ။
မြန်မာစစ်တပ်က အစဥ်အဆက်မင်းမူနေခဲ့တဲ့ နယ်စပ်တစ်ကြောက ထီးခီး၊ ထီးထ၊ ဘောတိ၊ ငါးရံ့နီ၊ ကမာပလော တပ်စခန်းတွေဟာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်လက်ထဲကျရောက်ခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲတွေမှာ ငါမသေ ငါ့စခန်းမကျစေရ ဆိုင်းပုဒ်တွေကိုချန်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို အသက်လုထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားကလည်း မနည်းမနောပါ။
လက်ရှိမှာတော့ အရှေ့တောဒေသမှာ စစ်ကောင်စီရဲ့ မေတ္တာဗျူဟာ၊ ကျောက်မဲတောင်နယ်မြေရဲစခန်းနဲ့ ပကာရီရဲစခန်းတို့သာ ကျန်ရှိပါတော့တယ်။ အဲဒီစခန်းတွေမှာ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတယ်ဆိုပေမဲ့ နယ်မြေစိုးမိုးမိုးဖို့ မဆိုထားနဲ့ စခန်းအပြင်ဘက်ကိုတောင် လွတ်လွတ်လပ်လပ်မထွက်ရဲတော့တာကြောင့် စခန်းထဲပိတ်မိနေတဲ့အနေအထားလို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။
ဒါဆိုရင် ထားဝယ်ဒေသခံတွေရဲ့ မျှော်လင့်ချက် တဖြစ်လဲ အရှေ့တောဒေသ လွတ်မြောက်ရေးဟာ ဘယ်အတိုင်းအတာထိခရီးပေါက်ပါပြီလဲ။
■ KNU နဲ့ တော်လှန်ရေးတပ်တွေရဲ့အောင်ပွဲ
ထီးခီးနယ်စပ်ဒေသလို့ခေါ်တဲ့ ထားဝယ်မြို့အရှေ့ဘက် နယ်စပ်တကြောဟာ ၁၉၇၅ ခုနစ်ကစပြီး KNU မြိတ်−ထားဝယ်ခရိုင် တပ်မဟာ ၄ ရဲ့ ဌာနချုပ်ရုံးတွေ အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်။
အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၁၉၉၇ မှာတော့ မြန်မာ့စစ်တပ်ရဲ့ တပ်မ(၅၅)နဲ့ တပ်မ(၆၆) ဦးဆောင်တဲ့ တပ်ရင်း ၂၀ လောက်က အထူးစစ်ဆင်ရေးအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေရာတွေကို KNU ဘက်က လက်လွှတ်ခဲ့ရပါတယ်။
နွေဦးတော်လှန်ရေး လေးနှစ်ကျော်အကြာ အခုနှစ် သင်္ကြန်ကာလမှာတော့ ထီးထဗျူဟာစခန်းကို KNUနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ထီးထစခန်းသိမ်းပြီးတဲ့နောက် သူ့ရဲ့ကွပ်ကဲမှုအောက်မှာ ထီးခီး၊ ဘောတိနဲ့ ငါးရံ့နီစခန်းတွေဟာလည်း ဆက်တိုက်ပဲ KNUနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေလက်ထဲကို ရောက်ရှိခဲ့ပါတယ်။
ဒါဟာ ၂၈ နှစ်အကြာမှ ဌာနချုပ်ကိုပြန်လည်သိမ်းပိုက်နိုင်တာဖြစ်ပြီး မူလပိုင်ရှင်ဖြစ်တဲ့ KNU အတွက် ကြီးမားတဲ့အောင်ပွဲဖြစ်ခဲ့ပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုဝင်းခိုင်(ခေါ်) စောဖလို့စိုးဝင်းကတော့ ထီးခီးစခန်းသိမ်းတဲ့နေ့မှာ “ကျနော်တို့ ဆုံးရှုံးခဲ့တဲ့ နေရာဒေသကို ကျနော်တို့ ပြန်ရတယ်ဆိုတော့လည်း တကယ့်ကို ပြောပြလို့မရအောင် ပြန်ပြီးဩဇာရတဲ့ သဘောပေါ့” လို့ရီရီမောမောနဲ့ ပြောပါတယ်။
လက်ရှိမှာတော့ အရှေ့တောဒေသက မိုင်ပေါင်းရာနဲ့ချီတဲ့ ထိုင်း-မြန်မာနယ်စပ်မျဥ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ မရှိတော့ပါဘူး။
■ နယ်စပ်ပိုင်ရှင် အပြောင်းအလဲနဲ့ သစ္စာရှိအိမ်နီးချင်း
ဒီဘက်နှစ်ကာလတွေမှာ စစ်ကောင်စီနဲ့အစဥ်အဆက် အပေးအယူမျှပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ထိုင်းနိုင်ငံဟာ နယ်စပ်ပိုင်ရှင်အသစ်ဖြစ်လာတဲ့ KNU အပေါ်မှာတော့ ဖက်လဲတကင်းရှိနေတာမျိုး မဟုတ်ပါဘူး။
ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို သိမ်းလိုက်နိုင်ပေမဲ့ ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး တရားဝင်သွားလာဖို့၊ ကူးသန်းရောင်းဝယ်ဖို့အခြေအနေကတော့ ဝေးနေဆဲလို့ဆိုရမှာပါ။
KNU တပ်မဟာ (၄) တာဝန်ရှိသူတွေဘက်ကတော့ လက်ရှိအချိန်ထိ ထိုင်းအာဏာပိုင်တွေနဲ့ဆွေးနွေးထားတာ ဘာမှမရှိဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ထိုင်းအာဏာပိုင်တွေဟာ အခုလို စခန်းသိမ်းတိုက်ပွဲတွေကို မလိုလားသလို ဒီမိုကရေစီလှုပ်ရှားမှုတွေကိုလည်း အသိအမှတ်မပြုဘူးလို့ KNU ဘက်ကရှုမြင်ပါတယ်။
“ထိုင်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေက ဆက်ဆံရေးကောင်းတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နားလည်မှုရှိတယ်၊ ကူညီမှုရှိတယ်။ ပွင့်ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နယ်စပ်စခန်းသိမ်းတာကိုလည်း သူတို့ကမလိုလားဘူး” လို့ တပ်မဟာ (၄)ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ နယ်စပ်တစ်လျှောက် စခန်းသိမ်းတိုက်ပွဲတွေပြင်းထန်နေချိန်ကလည်း သူတို့ရဲ့သဘောထားကိုထုတ်ပြခဲ့တာမျိုးရှိပါတယ်။ ထီးခီးနဲ့ ထီးထတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒေသခံရာနဲ့ချီကို နယ်စပ်ဂိတ်တွေက လုံးဝအဝင်မခံဘဲ သံဆူးကြိုးတွေနဲ့ ပိတ်ထားခဲ့တာပါ။
တဖက်မှာတော့ တိုက်ပွဲကနေစခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ကြည်ကြည်ဖြူဖြူ ခိုလှုံခွင့်ပေးပြီး စစ်ကောင်စီနဲ့သစ္စာရှိကြောင်းပြခဲ့ပါတယ်။ KNU ဘက်ကအဆိုအရ ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ ထိုင်းစစ်တပ်ဘက်ကို ကြိုတင်ချိတ်ဆက်ခဲ့ပြီး ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်မှာလာကြိုပေးတဲ့အထိ ကူညီခဲ့တယ်လို့ သိရပါတယ်။
■ အနာဂတ်ခြေလှမ်းနဲ့ရည်ရွယ်ချက်
KNU နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ထဲက ထီးခီးနယ်စပ်ဟာ ထားဝယ်မြို့နဲ့ ၉၇ မိုင်ခန့်ကွာဝေးပြီး ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ကို ၄၉ မိုင်ခန့်ကွာဝေးတာကြောင့် နယ်စပ်ကုန်သွယ်မှုမှာအရေးပါတဲ့ နေရာဖြစ်ပါတယ်။
တပ်မဟာ ၄ ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ထီးခီးနယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်တဲ့အတွက် တော်လှန်ရေးအတွက် အခြေခံနယ်မြေပိုပြီးခိုင်မာလာသလို ရုရှားနဲ့ စစ်ကောင်စီပြုပူးပေါင်းလုပ်ဆောင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကိုလည်း ဟန့်တားရာရောက်တယ်လို့ ဆိုပါတယ်။
KNU ထိန်းချုပ်နယ်မြေခိုင်မာလာတဲ့အတွက် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း အထောက်အကူအများကြီးပေးလို့ရပြီလို့ သူကတစ်ဆက်တည်းဆိုပါတယ်။
စစ်ကောင်စီကြိုးပမ်းနေတဲ့ အထူးစီးပွားရေးဇုန်ကိုအကောင်အထည်ဖော်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ ကူးသန်းသွားလာနိုင်ဖို့ မဖြစ်မနေလိုအပ်နေတာပါ။ လက်ရှိမှာတော့ စစ်ကောင်စီလှုပ်ရှားနိုင်တဲ့နယ်မြေနဲ့ ထိုင်းနိုင်ငံကြားမှာ ကြားခံနယ်မြေတစ်ခု ဝင်လာတာလို့ ဆိုရမှာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်းက ပြည်သူလူထုတွေရဲ့ လုံခြုံရေးအတွက် နယ်မြေအတွင်းက စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်မယ်လို့ ပြောစကားရှိထားပါတယ်။
အလားတူ ပဒိုအယ်နားကလည်း “နယ်စပ်တစ်လျှောက်လုံးကနေမောင်းထုတ်တာကိုလုပ်ရမယ်။ စကစထောက်ကူပြုတာကိုလည်း ဖြိုခွဲရမယ်။ စစ်ရေးဝင်ငွေရတဲ့ လမ်းကြောင်းတွေ၊ ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ နယ်မြေအားလုံးကို ရှင်းလင်းရမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သိမ်းယူထားတဲ့ နယ်မြေတွေကို ဒီမိုကရေစီစနစ်နဲ့ ပြန်လည်အုပ်ချုပ်ခွင့်ရဖို့ကို အဓိကရည်ရွယ်ထားတယ်လို့လည်း ပဒိုအယ်နားက ပြောပါတယ်။
■ အပြောင်းအလဲတွေနဲ့ တပ်မဟာ (၄)
လက်ရှိမှာ စစ်ကောင်စီကိုမာန်ဖီနေတဲ့ တပ်မဟာ (၄) ဟာ အရင်ကတော့ KNU ရဲ့ တပ်မဟာတွေထဲမှာ ဝေဖန်အခံရဆုံး တပ်မဟာတစ်ခုပါ။
မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ (၄) ခေါင်းဆောင်တချို့ရဲ့ အကျိုးအမြတ်ကိစ္စ ပတ်သက်ဆက်နွယ်မှုတွေဟာ စစ်အာဏာသိမ်းပြီးတဲ့အချိန်အထိ ရှိနေခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒါကြောင့် တပ်မဟာ ၄ လို့ပြောရင် စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်တဲ့ တပ်မဟာ၊ စစ်မတိုက်တဲ့ တပ်မဟာ ဆိုတဲ့အသံတွေဟာ ဒေသခံတွေကြားမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ကျယ်လောင်ခဲ့ပါတယ်။
လက်ရှိ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုဝင်းခိုင်ကိုယ်တိုင်ကလည်း အာဏာသိမ်းပြီးရှစ်လအကြာမှာ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုကထောက်ပံ့တဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေး အလှူငွေ ကျပ်သိန်းသုံးရာနီးပါး နဲ့ဆေးပစ္စည်းတွေ သွားရောက်လက်ခံယူခဲ့တာကြောင့် အကြီးအကျယ်ဝေဖန်ခံရဖူးသူပါ။
ဒါပေမဲ့ ရာထူးအပြောင်းအလဲတွေကြောင့် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေနေရာအနှံ့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေရှိလာပြီး လက်ရှိမှာ ဥက္ကဋ္ဌပဒိုဝင်းခိုင်နဲ့ အတွင်းရေးမှူးပဒိုစောအယ်နားတို့လို ခေါင်းဆောင်ပိုင်းတွေကိုယ်တိုင်က စစ်ယူနီဖောင်းဝတ်ဆင်ပြီး မြေပြင်မှာသွားလာလှုပ်ရှားပြီး ဦးဆောင်ပါဝင်နေတာကို တွေ့လာရပါတယ်။ စစ်ကောင်စီကလည်း တပ်မဟာ (၄) ဌာနချုပ်အဆောက်အအုံတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာအထိလုပ်ဆောင်ခဲ့ပြီး လက်ရှိကာလ ခါးသီးမှုကိုပြခဲ့ပါတယ်။
KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်အယ်နားကတော့ တပ်မဟာ (၄) ဟာ အရင်ကတည်းက စစ်ကောင်စီကိုလိုက်လျောတာ၊ ပူးပေါင်းတာမဟုတ်ဘဲ ဗဟိုကချမှတ်တဲ့ မူဝါဒအတိုင်းလုပ်ဆောင်နေတာသာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်တိုက်ဖို့ဆိုရင် အပြင်အဆင်ကတော့လုပ်ရမှာပဲ။ စီမံချက်တွေကတော့ ဆွဲရမှာပဲ။ လိုအပ်တဲ့ငွေကြေးသော်လည်းကောင်း ပစ္စည်းသော်လည်းကောင်း ကျနော်တို့က စုဆောင်းရမှာပဲ။ ပြီးမှ တိုက်စရာရှိရင်တိုက်ပေါ့နော်။ ကျနော်တို့က သေနတ်ဖောက်ရုံနဲ့ တိုက်ပွဲဝင်ပြီး အောင်မြင်မှုမရှိရင်အဆင်မပြေဘူး။ သေနတ်ဖောက်ချင်ရင် အချိန်မရွေးဖောက်လို့ ရတယ်။ အောင်မြင်မှုမရှိရင် ဘယ်မှမရောက်ဘူးပေါ့” လို့ ပဒိုအယ်နားကပြောပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မဟာ (၄) ဟာ အားနည်းချက်တွေရှိခဲ့တာကိုလည်း လက်ခံတယ်လို့ သူကဆိုပါတယ်။
■ ပူးပေါင်းစစ်ဆင်ရေးရဲ့ အောင်မြင်မှု
ဝေဖန်ခံနေရတဲ့ တပ်မဟာ (၄) ပုံစံပြောင်းလာတာကို သိသာတဲ့ကာလဆိုရင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် နှစ်စပိုင်းလို့ပြောရမှာပါ။ ၂၀၂၄ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ဘန်ချောင်းဒေသက စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက်စခန်းဖြစ်တဲ့ ကျောက်ထုစခန်းကို KNUနဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီအချိန်က တနင်္သာရီတိုင်းတစ်ခုလုံးမှာ စခန်းသိမ်းတိုက်ပွဲဆိုတာ မရှိခဲ့ဖူးတာကြောင့် ကျောက်ထုစခန်းဟာ တနင်္သာရီတိုင်းအတွင်း ပထမဆုံးစသိမ်းတဲ့စခန်းအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းကာလအတွင်းစခန်းမပေးဘဲ တောင့်ခံခဲ့တဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနအတွက်တော့ နားရွက်တံထွေးဆွတ်တဲ့လုပ်ရပ်ဖြစ်ခဲ့တာပါ။
ဒါကြောင့်ပဲ တစ်လလောက်အကြာမှာ နယ်မြေရှင်းလင်းပြီး ကျောက်ထုစခန်းကို ပြန်လည်သိမ်းယူဖို့ရည်ရွယ်ချက်နဲ့ ထားဝယ်မြို့အ ခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)ကထွက်လာတဲ့ ဖောကား ၁၇ စီး စစ်သားအင်အား ၃၀၀ လောက်ပါတဲ့ ယာဥ်တန်းကြီး ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ချီခဲ့ပါတယ်။
အဲဒီယာဥ်တန်းဟာ လမ်းတစ်ဝက်တောင်မရောက်ခင်မှာပဲ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ကား ၁၂ စီးမီးလောင်ပျက်စီးပြီး တပ်ရင်းတစ်ခုလုံး ကိုယ်ကျိုးနည်းခဲ့ရပါတယ်။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ချီလာတဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်အများအပြားကိုလည်း တော်လှန်ရေးတပ်တွေဘက်က ရရှိခဲ့ပါတယ်။
အဲဒီနောက် တစ်ဆက်တည်းမှာပဲ KNUနဲ့ ပူးပေါင်းတပ်တွေက အရှေ့တောဒေသက အောင်သာဝါရ၊ မောထာ စတဲ့စခန်းတွေအပြင် တနင်္သာရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ရှိလာခဲ့ပါတယ်။
အ ရှေ့တောဒေသက အဲဒီစခန်းသိမ်းတိုက်ပွဲတွေ၊ ကြားဖြတ်တိုက်ခိုက်မှုတွေအားလုံးမှာ လက်ရှိအချိန်ထိ KNU တပ်မဟာ ၄ တပ်ဖွဲ့တွေနဲ့အတူ တောက်လျှောက်ပူးပေါင်းတိုက်ခိုက်နေတာကတော့ လေးနှစ်သားအရွယ် ဒေသအခြေပြုတော်လှန်ရေးတပ်တွေ၊ NUG လက်အောက်ခံ PDF၊ ပကဖနဲ့ Local PDFတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။
အဲဒီကာလ KNUနဲ့ PDF ပူးပေါင်းစစ်ကြောင်းကို ဦးဆောင်ကွပ်ကဲခဲ့တဲ့ KNLA တပ်ရင်းမှူး စောမှူးဂေက “အချင်းချင်းကြားမှာ ပွတ်တိုက်မှုတွေဘာမှမရှိဘူး။ သူ့လူငါ့လူဆိုတာမျိုးလည်း မရှိဘဲလုပ်နေကြတာ။ ဒါကြောင့်အခုလိုအောင်မြင်မှုရတာလို့ ” လို့ ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် အဲဒီအချိန်က ကော်သူးလေတပ်မတော် KTLA တပ်ခွဲတချို့ကလည်း အဲဒီစစ်ဆင်ရေးတွေမှာ အတူတကွပူးပေါင်းခဲ့တာပါ။
အဲဒီအချိန်ကအစပြုခဲ့တဲ့ ပူးပေါင်းစစ်ဆင်ရေးတွေဟာ လက်ရှိအချိန်ထိ အပေးအယူမျှမျှနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်နေဆဲဖြစ်တယ်လို့ဆိုရမှာပါ။ နယ်စပ်တစ်ကြောမှာ စစ်ကောင်စီကိုမောင်းထုတ်နိုင်ခဲ့တဲ့အောင်မြင်မှုဟာ KNU ရဲ့အောင်မြင်မှုဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်။ ထီးခီးနဲ့ ထီးထတိုက်ပွဲတွေမှာဆိုရင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့လိုအဖွဲ့တွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေတာကို တွေ့ရပါတယ်။
■ အရှေ့တောဒေသနှင့် လွတ်မြောက်ရေးခရီးကြမ်း
ပဒိုအယ်နားကတော့ လက်ရှိ အ ရှေ့တောဒေသမှာ KNU နဲ့တော်လှန်ရေးတပ်တွေက ၉၀ ရာခိုင်နှုန်းအထိ စိုးမိုးထားနိုင်ပြီလို့ ပြောပါတယ်။ သိမ်းထားတဲ့စခန်းအားလုံးကိုလည်း စစ်ကောင်စီတပ်တွေလုံးဝ ပြန်လည်အခြေချလို့မရအောင် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျန်ရှိနေသေးတဲ့ မေတ္တာဗျူဟာနဲ့ ကျောက်မဲတောင်ရဲစခန်းနေရာတွေကို တိုက်ခိုက်သိမ်းယူမယ်ဆိုရင် တိုက်ပွဲပြင်းထန်နိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ခန့်မှန်းထားကြပါတယ်။ မေတ္တာဗျူဟာနဲ့ ကျောက်မဲတောင်ရဲစခန်းတွေမှာ စစ်ကောင်စီတပ်သားတွေ အခိုင်အမာခြေကုပ်ယူထားပြီး ကျောက်မဲတောင်ရဲစခန်းကို ပစ်ကူပေးနိုင်ဖို့ ဟောင်ဝစ်ဇာနဲ့ ၁၂၀ မမ လက်နက်ကြီးတွေကို ရှစ်မိုင်တာဝါတိုင်၊ ပကာရီရဲစခန်းတွေမှာအထိုင်ချတာမျိုးတွေစတဲ့ပြင်ဆင်မှုတွေလည်းရှိနေပါတယ်။
တဖက်မှာလည်း အရှေ့တောဒေသဟာ ဆေးဝါး၊ ရိက္ခာနဲ့ ဒေသခံတွေရပ်တည်ဖို့ အထွေထွေလိုအပ်ချက်တွေအတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ထားဝယ်မြို့ကိုပဲ အားကိုးနေရတဲ့ဒေသဖြစ်နေဆဲပါ။ စစ်ကောင်စီဘက်ကလည်း အရှေ့တောဒေသကို စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန် လွတ်လွတ်လပ်လပ်သယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားပါတယ်။
ဦးသိန်းစိန်လက်ထက် ၂၀၁၃ မေလမှာ နှစ်နိုင်ငံသဘောတူ ဖွင့်လှစ်ခဲ့တဲ့ ထီးခီးနယ်စပ်ဂိတ်ဟာပြီးခဲ့တဲ့ ၂၀၂၂ နှစ်လယ်ပိုင်းကစလို့ တရားဝင်ကုန်သွယ်တာလုံးဝမရှိတော့ပါဘူး။
သေချာတာကတော့ အဲဒီအခြေအနေမှာ ဒေသခံတွေဟာ နယ်မြေလွတ်မြောက်တာနဲ့အတူတွဲပြီးပါလာမယ့် အရင်ကထက်ပိုမိုဆိုးရွားတဲ့ ကြပ်တည်းခက်ခဲမှူဒဏ်ကိုလည်း ကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားဖို့လိုအပ်နေပြီဆိုတာပါပဲ။
ဒေသခံတွေကတော့ နယ်မြေကိုထိန်းချုပ်မယ့်အဖွဲ့ အစည်းက ကျန်းမာရေးစောင့်ရှောက်မှု၊ ကူညီကယ်ဆယ်ရေးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပြီလို့ ထောက်ပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နယ်စပ်ဒေသလွတ်မြောက်မှုကနေ တော်လှန်ရေးအတွက် ခိုင်မာတဲ့တည်ဆောက်မှုတစ်ခုကို အစပြုနိုင်သွားပြီလို့ အကုန်လုံးကယုံကြည်နေကြပါတယ်။
အရှေ့တောဒေသခံ အသက်လတ်ပိုင်းအရွယ် ကရင်တိုင်းရင်းသူတစ်ဦးကလည်း အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အဆင်သင့်ရှိနေပါပြီ။
“စစ်ကိုင်းတို့လိုနေရာတွေမှာတောင် ရှင်သန်လို့ရတယ်။ ကျမတို့ မရှင်သန်နိုင်စရာ ဘာအကြာင်းရှိမှာလဲ” လို့ သူမက ပြောပါတယ်။
ခေတ်
The Tanintharyi Times
