တနင်္သာရီဘက်ကို ပို့ဆောင်မယ့် စစ်ကောင်စီရိက္ခာယာဉ်တန်း တစ်ရက်ထဲ သုံးကြိမ်အတိုက်ခံရ
တနင်္သာရီဘက်ကို ပို့ဆောင်မယ့် စစ်ကောင်စီရိက္ခာယာဉ်တန်း တစ်ရက်ထဲ သုံးကြိမ်အတိုက်ခံရ

မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီရိက္ခာယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့တစ်ရက်တည်းမှာ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ တပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီကား ၉ စီးကို ဒီကနေ့မနက်ပိုင်းက မြိတ်မြို့နယ် လသာရွာအနီးမှာ တစ်ကြိမ်၊ တနင်္သာရီမြို့နယ် ကမ်းတိုရွာအနီးမှာတစ်ကြိမ်နဲ့ ဘန်းလမွတ်ရွာအနီးမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။
မြိတ်မြို့နယ်၊ လသာရွာအနီးက ရဲသေတောင်ကို စစ်ကောင်စီယာဥ်တန်းရောက်ရှိလာချိန် မနက် ၁၁ နာရီခွဲ ဝန်းကျင်မှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရိက္ခာကား ၃ စီး ရပ်နားကျန်ရှိ ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေနဲ့ အနီးဝန်းကျင်က ဒေသခံအချို့က ဆိုပါတယ်။
ဆက်ထွက်လာတဲ့ ရိက္ခာကား ၆ စီးနဲ့ ရှေ့ပြေးကားငယ်တစ်စီးတို့ကို တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ရင်း ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ တိုက်ခိုက်ရာမှာ တစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီကားတန်း ဘန်းလမွတ်ရွာအနီးရောက်လာချိန် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။
ဘန်းလမွတ်ရွာနဲ့ ညောင်ပင်ကွင်းရွာကြား လမ်းတလျှောက် တိုက်မိုင်းအလုံး ၂၀ နီးပါး ကြိုတင်ထောင်ထားတာဖြစ်ပြီး ရိက္ခာကားနောက်ထပ် ၂ စီး မိုင်းထိသွားတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ အဲ့ကားတန်းက အရှေ့မှာ မိုင်းတစ်ခါဆွဲခံထားရပြီးဆိုတော့ ဒီဘက်ကိုဖြတ်တော့ အရှိန်အကြမ်းနဲ့ လက်နက်ကြီးတွေပစ်ပြီး ဖြတ်တာပါ” လို့ တာဝန်ရှိသူက ဆိုပါတယ်။
အဲ့ဒီနောက် မိုင်းဆွဲတိုက်ခိုက်ပြီးနာရီဝက်ခန့်အကြာ ၁၂ နာရီခွဲဝန်းကျင်မှာ ဘန်းလမွတ်ရွာချောင်းအနီးကို ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး သေနတ်ထိမှန်ခဲ့တယ်လို့လည်း တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
လက်ရှိမှာ ဘန်းလမွတ်ရွာအနီး မိုင်းထိတဲ့ကားတွေအပါအဝင် ရိက္ခာကား ၉ စီးလုံး အရှေ့မော်တုန်းရွာ အခြေစိုက်အမြောက်တပ်ရင်း အမတ (၃၀၆) ထဲကို ရောက်ရှိသွားပြီဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
“ လသာဘက်မှာရပ်ကျန်ခဲ့တဲ့ ကားတွေက ဟိုဘက်မှာလည်း မိုင်းဆွဲပြီးလို့ တစ်နာရီလောက်ကြာမှ ထပ်လိုက်သွားတာပါ” လို့ လသာရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရိက္ခာကားတန်းရဲ့ အထိခိုက်၊ အပျက်စီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီကနေ့မိုင်းဆွဲတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့အဖွဲ့တွေကတော့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပုလောပကဖတို့ဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
မနေ့က မေလ ၁၉ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာလည်း အမတ (၃၀၆) တပ်ကနေ ဘန်းလမွတ်ရွာဘက်ကို တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ဟာ ဘန်းလမွတ်ရွာ မရောက်ခင်တနေရာမှာ တိုက်မိုင်းထိခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
မေလ ၁၈ ရက် နေ့မှာလည်း ညောင်ပင်ကွင်းရွာအခြေစိုက်တပ်ရင်း ခမရ (၅၆၁) ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံဆီက သိရပါတယ်။
The Tanintharyi Times