မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင်ဝင်ရောက်သူ ၁၈ ဦးကို ထိုင်းနိုင်ငံကိုပြန်လွှဲ

မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင်ဝင်ရောက်သူ ၁၈ ဦးကို ထိုင်းနိုင်ငံကိုပြန်လွှဲ

ဓာတ်ပုံ - ရနောင်းခရိုင် ပြည်သူ့ဆက်ဆံရေးဌာန။

မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင်ဝင်ရောက်တဲ့တွေကို မနေ့က ထိုင်းအာဏာပိုင်တွေနဲ့စစ်ကောင်စီအရာရှိတွေ တွေ့ဆုံဆွေးနွေးပြိး ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ရနောင်းခရိုင်ပြည်သူ့ဆက်ဆံရေးဌာနဆီကသိရပါတယ်။

တရားမဝင်ရောက်သူတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ညပိုင်းက မြန်မာ့ရေပိုင်နက်အတွင်း ရေမိုင် ၁၄ မိုင်ကိုကျော်လွန်ဝင်ရောက်လာချိန် မြန်မာရေတပ်မှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ငါးဖမ်းစက်လှေနဲ့ဝင်ရောက်လာတဲ့ စင်ကာပူနိုင်ငံသား ၁၂ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၄ ဦး စုစုပေါင်း ၁၈ ဦးဖြစ်ပါတယ်။

မြန်မာဘက်ကတော့ သူတို့ကို တစ်လအကြာထိန်းသိမ်းထားပြီးနောက် မနေ့က ကောသောင်းနယ်စပ်ဂိတ်ကနေ ထိုင်းအာဏာပိုင်တွေဆီကိုပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဆီက ဒဏ်ငွေ ကျပ်သုံးသိန်း သို့မဟုတ် ဘတ် ၅၀၀၀ ပေးဆောင်စေပြီးပြန်လည်လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။

ထိုင်းအာဏာပိုင်ဘက်ကလည်း အခုလွှဲပြောင်းလက်ခံခဲ့သူတွေကို တရားမဝင်နိုင်ငံအတွင်းမှ ထွက်ခွာတာကြောင့် ထိုင်းနိုင်ငံမှာ ပြန်လည်တရားစွဲဆိုဖို့ရှိတယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ စစ်ကောင်စီအရာရှိတွေကိုကျေးဇူးတင်ကြောင်းနဲ့ အချင်းချင်းကူညီပြီး နှစ်နိုင်ငံကြား ရေရှည်​ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားချင်ကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်ကလည်း အပျော်တမ်းငါးမျှားလှေနဲ့ မြန်မာရေပိုက်နက်ထဲကို တရားမဝင်ကျူးကျော်ဝင်ရောက်တဲ့ ထိုင်းနိုင်ငံသား ၃ဦး၊ ဗြိတိန်နိုင်ငံသား ၃ ဦးနဲ့ ဆွစ်ဇာလန်နိုင်ငံသား ၁ဦးတို့ကို စစ်ကောင်စီရေတပ်ကဖမ်းဆီးခဲ့ဖူးပါတယ်။

သူတို့ကိုလည်း တစ်လခန့်အကြာ အခုနှစ်ဇန်နဝါရီလမှာ မြန်မာဘက်ကနေ ပြည်နှင်ဒဏ်ပေးကာ ထိုင်းအာဏာပိုင်တွေဆီကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

The Tanintharyi Times