တော်လှန်ရေးပူးပေါင်းတပ်တွေ ရေး-ထားဝယ်လမ်းပိုင်းကို နယ်မြေစိုးမိုးမှုတွေ လုပ်ဆောင်
တော်လှန်ရေးပူးပေါင်းတပ်တွေ ရေး-ထားဝယ်လမ်းပိုင်းကို နယ်မြေစိုးမိုးမှုတွေ လုပ်ဆောင်
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း၊ မလွဲတောင်နဲ့ ကလိန်အောင်ကြားမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသွားယာဉ်တွေကို စစ်ဆေးကာ နယ်မြေစိုးမိုးမှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ မွန်-တနင်္သာရီ တော်လှန်ရေးပူးပေါင်းတပ်တို့က ထုတ်ပြန်ပါတယ်။
ခရီသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီသွားပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေကို မနေ့က မနက်ပိုင်း ၇ နာရီကနေ ညနေ ၃ နာရီခွဲအထိ လုပ်ဆောင်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
“ဒီလမ်းကို အသုံးပြုလာတဲ့ ယာဉ်တွေမှာ စစ်ကောင်စီကို အထောက်အပံ့ပြုစေမယ့် ပစ္စည်းတွေ၊ စစ်ကောင်စီရဲ့ အဖွဲ့ဝင် ပါ၊ မပါ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။စစ်ဆေးမှုပြုလုပ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျနော်တို့ မတွေ့ရပေမယ့် စစ်ကောင်စီနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုက မော်တော်ယာဉ်တစ်စီးကိုတော့ ကျနော်တို့ သိမ်းဆည်းခဲ့တယ်” လို့ နိုင်နဂါးက အတည်ပြုပါတယ်။
အဆိုပါ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေကတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ၊ ဒေါနတပ်ခွဲ့ (၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT ၊ ဒေါနတပ်ခွဲ (၇)၊ ဝေဟင်ဒေါနတပ်ခွဲ (၆)၊ တနင်္သာရီတပ်ရင်း (၁)၊ ရေးသိမ်းငှက်၊ ရေးပြောက်ကျားတပ် (YGF)၊ ဒေါနတပ်ခွဲ(၃)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force(YAF)၊ Ye Defense Force YDF ၊ KNLA တပ်ရင်း ၂၇ တို့ ဖြစ်ပါတယ်။

အဆိုပါ တော်လှန်ရေးတပ်တွေ စစ်ဆေးနေစဉ်မှာ မလွဲတောင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကားလမ်းကို ပိတ်လိုက်ပြီး သူတို့ ဂိတ်ကိုလည်း သော့ခလောက်ခတ်ကာ စခန်းအတွင်းပုန်းအောင်းနေခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပူးပေါင်းတပ်တွေဟာ မနေ့က တနေ့လုံး လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကိုလည်း စစ်ကောင်စီဘက်က တုံ့ပြန်တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေမယ့် မောင်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် Mi-35 တစ်စီးတက်လာသလို ကင်းထောက်လေယာဉ် နှစ်ကြိမ် ပျံသန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
“မနေ့က စစ်ဆင်ရေးကာလ တနေ့လုံးပဲ ကျနော်တို့ လမ်းကြောင်းကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ကျနော်တို့ ထိုးစစ်ဆင်တိုက်ခိုက်ရင်းနဲ့ နယ်မြေစိုးမိုးရေးနဲ့ လမ်းပိုင်းတွေကို အပြီးပိုင်ထိန်းချုပ်ရေးကိုလည်း ဖြည်းဖြည်းချင်း လုပ်သွားဖို့ ရှိပါတယ်။ အခုလိုပဲ နယ်မြေစိုးမိုးရေးနဲ့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ စစ်ရေးစီမံဆောင်ရွက်ချက်တွေကို လုပ်သွားဖို့ ရှိပါတယ်” လို့ MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။
ခရီးသွားပြည်သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါတဲ့အတွက် မဟာမိတ်တပ်ဖွဲ့ဝင်ရဲမေတို့ကလည်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုမှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ် မော်လမြိုင်-ရေး ကားလမ်းပိုင်းတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီး နေ့စဉ် ခရီးသည်ယာဉ်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် ရေး-ထားဝယ်ကားလမ်းပိုင်းမှာတော့ အခုမှ စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။
စစ်ဆေးရေးတွေ၊ လမ်းလုံခြုံရေးတွေ၊ နယ်မြေစိုးမိုးရေးတွေ လုပ်ဆောင်တဲ့အပေါ် ခရီးသွားပြည်သူတွေအနေနဲ့ အချိန်ကြန့်ကြာတဲ့အပေါ် ပြည်သူတွေ နားလည်ကြဖို့နဲ့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလမ်းကြောင်း ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

The Tanintharyi Times
