လောင်းလုံးမှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ရေလမ်းကနေ စက်လှေနဲ့ ထားဝယ်ရဲစခန်းကိုပို့ဆောင်
လောင်းလုံးမှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ရေလမ်းကနေ စက်လှေနဲ့ ထားဝယ်ရဲစခန်းကိုပို့ဆောင်

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးချိန် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ရေလမ်းကတဆင့် ထားဝယ်မြို့ပေါ်ကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မနေ့ကည ၈နာရီခွဲလောက်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကာစတန်ဂိုဒေါင်အနီးရှိ ကူးတို့ဆိပ်ကမ်းကို လောင်းလုံးကစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ စက်လှေလာရောက်ဆိုက်ကပ်ခဲ့ပါတယ်။
အဲဒီစက်လှေဟာ လောင်းလုံးမြို့နယ်အောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကိုတင်ဆောင်လာတဲ့စက်လှေဖြစ်တယ်လို့သိရပါတယ်။
“ပါလာတဲ့အရေအတွက်က တော်တော်များတယ်။ ဆယ်ဂဏန်းအထက်ရှိလိမ့်မယ်။ ဒီထက်တောင်များနိုင်တယ်။ ယောင်္ကျားတွေကိုလက်ပြန်ကြိုးချည်ထားတယ်။ အမျိုးသမီးတွေလည်းပါတယ်ဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သူတို့ကို ကြက်စားပြင်ကူးတို့ဆိပ်ဘက်ကနေ အချုပ်ကားတစ်စီး၊ မြေတင်ကား ၂ စီးအပြင် စစ်ကားတွေနဲ့ လာရောက်ခေါ်ဆောင်ခဲ့တာပါ။
အဲဒီမတိုင်ခင် ညနေ ၅ နာရီလောက်ကတည်းက အဆိုပါကူးတို့ဆိပ်တဝိုက်ကို ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်ကြိုတင် နေရာချထားခဲ့တယ်လို့ သိရပါတယ်။
“သူတို့ညနေပိုင်းကတည်းကအလုပ်ရှုပ်နေကြတာ။ လှေအဝင်အထွက် လုပ်နေတာတွေလည်းရှိတယ်။ ကြက်စာပြင်မီးသုံးလုံးလမ်းဆုံမှာပါ ကားသုံးစီးနဲ့စစ်သေးတယ်။ အာရုံလွှဲတဲ့သဘောပေါ့” ထားဝယ်မြို့ခံတစ်ဦးကပြောပါတယ်။
ဖမ်းဆီးပို့ဆောင်ခံရတဲ့သူတွေဟာ ဘယ်ရွာတွေကဖြစ်တယ်ဆိုတာနဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
သူတို့ကို စက်လှေပေါ်ကတဆင့် အချုပ်ကားပေါ်တင်ဆောင်ပြီးနောက် ထားဝယ်မြို့မရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
လောင်းလုံးမြို့နယ်အောက်ပိုင်းကိုရောက်နေတဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ အခုလ ၁၆ ရက်နေ့ကစပြီး ဒီနေ့အထိ ကျေးရွာ ၈ခုထက်မနည်းကို စစ်ကြောင်းထိုးခဲ့ပါတယ်။
ရဲစခန်းကို ပို့ဆောင်ခံရတဲ့သူတွေဟာ အဆိုပါစစ်ကြောင်းကဖမ်းဆီးထားတဲ့ ဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။ ဒေသခံအချို့ကို စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားတာမျိုးလည်းရှိနေပါတယ်။
The Tanintharyi Times