သရက်ချောင်းက စစ်ကောင်စီဂိတ် သုံးရက်အတွင်းဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခံရ

သရက်ချောင်းက စစ်ကောင်စီဂိတ် သုံးရက်အတွင်းဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခံရ

ပုံစာ - ဒရုန်းတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီဂိတ်။

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပေါ်မှာရှိတဲ့ ဥတ္တူတံတား စစ်ကောင်စီဂိတ် သုံးရက်အတွင်းနှစ်ကြိမ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက် ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို အခုလ ၁၈ ရက်နေ့ ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာလည်း ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနေ့မနက်တိုက်ခိုက်မှုမှာတော့ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“ဂိတ်မှာ ဆိုင်ကယ်ဆင်းတွန်းပြီးဖြတ်တဲ့အချိန်ထိတာ။ သရက်ချောင်းဆေးရုံကိုပဲ ပို့လိုက်ကြတယ်” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဒီနေ့မနက် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက သေနတ်တွေရမ်းသမ်းပစ်ခတ်ပြီး စစ်ဆေးရေးဂိတ်ကို မိနစ်အနည်းငယ်အကြာ သွားလာခွင့်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဥတ္တူတံတားစစ်ဆေးရေးဂိတ်မှာ အခုလက်ရှိ စစ်ကောင်စီတပ်သားအင်အား ၃၀ ကျော်လောက်ရှိပြီး ညဘက်တွေမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာက စစ်ကောင်စီဂိတ်နဲ့ ရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခုလ ၁၈ ရက်နေ့ ညပိုင်းမှာ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

အဲဒီနောက်မှာ‌ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လူနေအိမ်တွေဘက်ကို ပစ်ခတ်ခဲ့တာကြောင့် ပကာရီဒေသခံ မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလ တတိယပတ်အတွင်း တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တဲ့ စခန်းနဲ့ ဂိတ်တွေကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

The Tanintharyi Times