တနင်္သာရီမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားငါးဦး ဒဏ်ရာရ

တနင်္သာရီမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားငါးဦး ဒဏ်ရာရ

ပုံစာ - စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြင်ဝန်းရွာက အသက် ၇ နှစ်အရွယ်ကလေးကို အရေးပေါ် ဆေးကုသမှုလုပ်နေတဲ့ မြင်ကွင်း။ ဓာတ်ပုံ - စီဂျေ။

တနင်္သာရီမြို့နယ်၊ ပြင်ဝန်းရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၅၆) ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမရ (၅၅၆) ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပြင်ဝန်းရွာက နေအိမ်တစ်ဆောင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ သူတို့အိမ်ကို လက်နက်ကြီးကျတော့ တစ်မိသားစုလုံး ဒဏ်ရာတွေရသွားတာပါ။ ကလေးတွေရော ထိတယ်ဗျ” လို့ ပြင်ဝန်းရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၁၄ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာလည်း တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၀၆) ကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီး ထုံနွယ်ရွာဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်းမှာလည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာကိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ဒေသခံတွေကို သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဘန်းလမွတ်ရွာဒေသခံတွေဆီကသိရပါတယ်။

မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ဥယျာဥ်ခြံထဲကို ဆိုင်ကယ်နဲ့ အလုပ်သွားတဲ့ ဘန်းလမွတ်ရွာ ဒေသခံ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ခြောက်ဦးကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် ရွာခံ အမျိုးသားတစ်ဦးရဲ့ ဦးခေါင်းမှာ ရှပ်ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ စစ်ကြောင်းဝင်လာတဲ့နေရာက ကားလမ်းမနဲ့ဝေးတဲ့နေရာဗျ။ အဲ့ဘက်မှာက အချို့ရွာသားတွေ နေနေကြတုန်းပဲ။ သူတို့ ခြံထဲဆင်းတဲ့အချိန် စစ်ကြောင်းနဲ့ သွားတိုးတာဗျ” လို့ ဘန်းလမွတ်ရွာဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်တပ်က သေနတ်နဲ့ လိုက်ပစ်ခံရတဲ့ ဘန်းလမွတ်ရွာဒေသခံ ခြောက်ဦးစလုံး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး နေရာမှာ ကျန်ရစ်တဲ့ ဆိုင်ကယ်တစ်စီးကိုတော့ စစ်တပ်က မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် ၁၁ နာရီခွဲဝန်းကျင်မှာလည်း စစ်ရှောင်ပြီး ထွက်ပြေးလာတဲ့ ဘန်းလမွတ်ရွာဒေသခံ အမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့ပေမဲ့ မနေ့က ညနေပိုင်းမှာ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဘန်းလမွတ်ရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘန်းလမွတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ မနေ့က မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

The Tanintharyi Times